စင်္ကာပူ အခြေစိုက်ဆောက်လုပ်ရေး ကုမ္ပဏီ ၂ ခု ဖြစ်သော First Sponsor Group၊ Tai Tak နှင့် CITY DEVELOPMENTS LTD တို့သည် ဂျာမနီရှိ ဟိုတယ် ၁ လုံးကို ဒေါ်လာ သန်း ၁၀၀ ဖြင့် ပူးပေါင်းဝယ်ယူ ရန်သဘောတူညီလိုက်ကြပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဆိုက်ဘ်တစ်ခုတွင်ဖော်ပြသည်။
ဂျာမနီနိုင်ငံ ဖရန်းဖက်မြို့ ရှိ Le M Ridien Frankfurt ဟိုတယ်ကို ဝယ်ယူရမည်ဖြစ်သည်။အလွှဲအပြောင်းကုန်ကျစရိတ်များအပါအဝင် စုစုပေါင်း ယူရို ၈၅ သန်း (ကန်ဒေါ်လာ ၁၀၀ ဒသမ ၁သန်း ) ပေးအပ်ဖွယ်ရှိသည်။
အဆိုပါ ဟိုတယ်သည် သမိုင်းဝင် အဆောက်အအုံ ၁ လုံးဖြစ်ပြီး အခန်းပေါင်း ၃၀၀ ပါဝင်သည်။ယခုဝယ်ယူမှုမှာ CITY DEVELOPMENTS LTD အဖို့ ဂျာမနီနိုင်ငံတွင် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အဆောက်အအုံဝယ်ယူသည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။
ယခုအရောင်းအဝယ်ကို တစ်လအတွင်း အပြီးသတ် ပြုလုပ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ဘိုးဘွားပိုင်မြေ အမျိုးအစားဖြစ်ပြီး မြေအကျယ်အဝန်း စတုရန်းမီတာ ၄၄၀၅ ရှိကာ ဖရန့်ဖက်၏ ပင်မဘူတာရုံကြီးနှင့် နီးကပ်စွာတည်ရှိသည်။
ဟိုတယ်တွင် ၁၉၀၅ ခုနှစ်က ဆောက်လုပ်ခဲ့သည့် အခန်းပေါင်း ၈၀ ၊ ၁၉၇၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် အခန်းပေါင်း ၂၂၀ တို့ ပါဝင်သည်။
“CDL ၊ Tai Tak တို့နဲ့ ပူးတွဲရင်းနှီးမြှုပ်နှံခွင့်ရတဲ့ အခွင့်အရေးရတဲ့အပေါ်မှာ First Sponsor အနေနဲ့ အထူးဝမ်းမြောက်မိပါတယ်” ဟု First Sponsor ၏ ဥက္ကဌ ကယ်လ်ဗင် ဟိုဟန်လျောင်းက ပြောကြားသည်။
“ကူးသန်းရောင်းဝယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဗဟိုချက်ဖြစ်တဲ့ ဖရန့်ဖတ်ဟာ အိမ်ခြံမြေဝယ်ယူမှုတွေအတွက် အချက်အခြာဖြစ်လာပါတယ်။ ဂျာမနီဟာ ဥရောပရဲ့ စီးပွားရေးအင်အားအကြီးမားဆုံး နိုင်ငံပါ။ ဒါ့အပြင် ဘရက်ဇစ်နောက်ပိုင်းမှာ ဘဏ်လုပ်ငန်းတွေဟာ ဖရန့်ဖတ်ကို ရွှေ့ပြောင်းလာကြတာကြောင့် ဖရန့်ဖတ်ရဲ့ ဟိုတယ်တွေ ပိုမိုအားကောင်းလာတာကို တွေ့ရဖို့ ရှိပါတယ်” ဟု CDL ၏ မဟာဗျူဟာအကြီးအကဲ Kwek Eik Sheng က ပြောကြားသည်။
CDL သည် ယခုနှစ်အတွင်းတွင်ပင် မြူးနစ်ရှိ Pullman ဟိုတယ်ကို ကန်ဒေါ်လာ ၁၁၂ သန်းဖြင့် ဝယ်ယူထားခဲ့သည့်အပြင် အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ရှိ Lowry ဟိုတယ်ကိုလည်း ပေါင် ၅၂ သန်းဖြင့် ဝယ်ယူထားပြီး ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)