အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို သက်သာသည့် အတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လျှော့ချချေးပေးရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
SME လုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် အတိုးနှုန်း ၈ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိဖြင့် ထုတ်ချေးပေးရန် စီစဉ်ထားကြောင်း ၎င်းက ပြောဆိုသည်။
လက်ရှိတွင် SME လုပ်ငန်းများကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် အပေါင်ပစ္စည်းမပါပါက ကျပ်သိန်း ၂၀ဝ နှင့် အပေါင်ပစ္စည်းပါရှိပါက ကျပ်သိန်း လေးထောင်အထိ အများဆုံး ထုတ်ချေးပေးနေခြင်းဖြစ်သည်။
“တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေနဲ့ SME လုပ်ငန်းတွေ လိုနေတဲ့ဘဏ္ဍာငွေကို အတိုးနှုန်း ၈ ရာခိုင်နှုန်း၊ ၉ ရာခိုင်နှုန်းနဲ့ ချေးပေးဖို့ အသင့်ဖြစ်နေပြီ။ နိုင်ငံခြားက ထုတ်ကုန်တွေကို အစားထိုးနိုင်တဲ့ လုပ်ငန်းတွေကို မြေတောင် မြှောက်ပေးတဲ့အနေနဲ့ ဦးစားပေး ထုတ်ချေးမယ်။ အခုဆို ပုဆိုးတောင်မှ ပြည်ပနိုင်ငံက သွင်းနေရပြီ”ဟု ဦးကျော်ဝင်းက ဆိုသည်။
အဆိုပါ ချေးငွေများကို တစ်နိုင်တစ်ပိုင်လုပ်ငန်းများ၊ ပြည်ပ ပို့ကုန် မြှင့်တင်မည့်လုပ်ငန်းများ၊ သွင်းကုန် အစားထိုး ထုတ်လုပ်သည့်လုပ်ငန်းများကို ဦးစားပေး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရအနေနှင့်လည်း ယင်းလုပ်ငန်းများကို ဦးစားပေး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“မြန်မာနိုင်ငံမှာက စီးပွားရေးလုပ်ရတာ SME တွေအတွက် အင်မတန် ခက်တယ်။ SME တွေ တိုးတက်အောင်ဆိုရင် SME ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေက ရှိတယ်။ လက်တွေ့မှာကျ အမှန်တကယ် အကူအညီ မပေးနိုင်ဘူး။ အတိုးနှုန်းတွေကလည်း တအားမြင့်တယ်။ ၁၃ ရာခိုင်နှုန်းဆိုတာ အင်မတန်မြင့်တဲ့ အတိုးနှုန်း။ သဘောက ငွေချေးလုပ်ရင် မကိုက်ဘူး။ မကိုက်တော့ အလုပ်သမား ၁၀ဝ ခန့်ရမှာကို ၂၀ ပဲခန့်တော့တယ်။ အဲဒီတော့ အလုပ်သမား ပြဿနာပါ ထပ်တက်လာတယ်”ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥပဒေအကြံပေး ဦးသန်းမောင်က မှတ်ချက်ပြု ပြောကြားသည်။
Credit: The Voice