အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းတွင် ဆောက်လုပ်လျက်ရှိသည့် မိုဟာမက် ဘင်ရာရှစ် အယ်လ် မက်ခ်တိုအမ်မြို့တော်ကြီး အတွင်း နေအိမ်ပေါင်း ၃၀၀၀၀ ပါဝင်ကာ ကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံကုန်ကျမည့် MBR City မြို့တော်နေရာကို စတင်ဆောက်လုပ်လျက်ရှိပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းစီမံကိန်းကို အကောင်အထည်ဖော်သည်မှာ ယူအေအီးအခြေစိုက် developer ဖြစ်သော Azizi Developments မှ ဖြစ်ပြီး Azizi Victoria ပရောဂျက်ဟု အမည်ပေးထားကာ အယ်လ်မက်ခ်တိုအမ်မြို့တော်ကြီးအတွင်း တည်ရှိသည်။
စတုရန်းပေ ၃၃ သန်းအကျယ်အဝန်းပေါ်တွင် ဆောက်လုပ်သွားမည့် Azizi Victoria စီမံကိန်းတွင် အလတ်စားနှင့် အထပ်မြင့် လူနေအဆောက်အအုံပေါင်း ၁၀၅ လုံးဆောက်လုပ်သွားမည်ဖြစ်ကာ စတူဒီယိုခန်း၊ အိပ်ခန်း ၁ ခန်းမှ ၄ ခန်းအထိ ပါဝင်သည့် လူနေခန်းပေါင်း ၃၀၀၀၀ ခန့် ပါဝင်မည့်အပြင် ဟိုတယ် ၂ လုံးလည်း ပါဝင်မည် ဖြစ်သည်။
အဆောက်အအုံများကို လူနေ၊ လက်လီအရောင်းဆိုင်နှင့် စားသောက်ဆိုင်(သို့မဟုတ်) ဟိုတယ်များ ပါဝင်သည့် ဘက်စုံသုံးအဖြစ် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း developer ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
စီမံကိန်းအတွင်း ပညာရေးနှင့် အပန်းဖြေနေရာများလည်း ပါဝင်မည်ဖြစ်ကာ အဆင့် ၄ ဆင့်ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး စီမံကိန်း အဆင့် ၁ ကို ၂၀၁၉ ခုနှစ်၊ မေလ၊ စီမံကိန်း အဆင့် ၂ ကို ၂၀၁၉ ခုနှစ် ဇူလိုင်လတို့တွင် ပြီးစီးရန် ရည်မှန်းထားသည်။
“Azizi Victoria စီမံကိန်းဟာ မေဒင်အုပ်စုနဲ့ Azizi Developments တို့ရဲ့ ပူးပေါင်းအကောင်အထည်ဖော်မှုဖြစ်ပြီး ဒူဘိုင်းရဲ့ မြို့ပြလူနေမှုနေရာ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါက ဒူဘိုင်းအိမ်ခြံမြေဈေးကွက်ရဲ့ ခိုင်မာမှုအားကို ပြသနေပါတယ်” ဟု မေဒင်အုပ်စု၏ ဥက္ကဌ ဆာအစ် ဟူမိတ် အယ်လ် တာယာက ပြောကြားသည်။
Azizi Developments ၏ ဥက္ကဌ မာဝေ့စ် အဇီဇီက ပြောကြားရာတွင် “Azizi Victoria စီမံကိန်းဟာ နောက်ဆုံးပေါ်အဆင့်မြင့် အသုံးအဆောင်တွေ တပ်ဆင်ထည့်သွင်းပေးထားပြီး ဘယ်နေရာနဲ့မှ မတူညီတဲ့ လူနေမှုဘဝပုံစံမျိုးဆီမှာ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် ကျွန်တော်တို့ရဲ့ နောက်ဆုံးလုပ်ဆောင်ပေးမှုလည်း ဖြစ်ပါတယ်။ ဒူဘိုင်းရဲ့ အချက်အခြာကျတဲ့နေရာမှာ တည်ရှိတဲ့ Azizi Victoria ဟာ ဒူဘိုင်းရဲ့ လူနေမှုဘဝရဲ့ အဓိပ္ပာယ်ကို တော်လှန်ပြောင်းလဲပေးမယ့်အရာတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)