၂၀၁၇ ပထမနှစ်ဝက်အတွင်း အာရှတွင် အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှု၌ ဟောင်ကောင်မှာ ကန်ဒေါ်လာ ၈ ဘီလီယံ ကျော်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
သို့ရာတွင် လာမည့်နှစ်အတွင်း အိမ်ခြံမြေဈေးကွက် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ရန် အလားအလာအကောင်းဆုံး ဒေသတွင်းနေရာအဖြစ် စစ်တမ်းများက ခန့်မှန်းထားသည်မှာ ဆစ်ဒနီဖြစ်ပြီး ၎င်း၏နောက်တွင် မဲလ်ဘုန်း၊ စင်္ကာပူ၊ ရှန်ဟိုင်း၊ ဟိုချီမင်း၊ ရှန်းဇန်၊ တိုကျိုတို့ အစဉ်လိုက်ရပ်တည်လျက်ရှိပြီး ဟောင်ကောင်မှာ နံပါတ် ၁၃ နေရာသို့ ရောက်သွားသည်။
ဟောင်ကောင်တွင် ယခုနှစ်ပထမ ၆ လအတွင်း အိမ်ခြံမြေကဏ္ဍတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံကြမှု ပမာဏမှာ ကန်ဒေါ်လာ ၈၂၆၉ သန်းအထိရှိခဲ့ပြီး တိုကျိုမှာ ကန်ဒေါ်လာ ၆၂၀၇ သန်းဖြင့် ဒုတိယ၊ ရှန်ဟိုင်းမှာ ကန်ဒေါ်လာ ၅၈၅၄ သန်းဖြင့် တတိယနှင့် စင်္ကာပူမှာ ကန်ဒေါ်လာ ၅၈၀၁ သန်းဖြင့် စတုတ္ထနေရာတို့တွင် ရပ်တည်ခဲ့သည်။
Real Capital Analytics မှ ထုတ်ပြန်သည့် အစီရင်ခံစာဖြစ်သော “၂၀၁၈ ခုနှစ် အာရှ-ပစိဖိတ် အိမ်ခြံမြေကဏ္ဍ လားရာ” တွင် ဖော်ပြထားသည့် အချက်အလက်များ ဖြစ်သည်။
အဆိုပါ အစီရင်ခံစာသည် အိမ်ခြံမြေနယ်ပယ်ရှိ ကျွမ်းကျင်ပညာရှင် ၆၀၀ ခန့်နှင့် တွေ့ဆုံမေးမြန်းခဲ့မှုများအပေါ် အခြေခံထားခြင်း ဖြစ်သည်။
လာမည့်နှစ် အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်မည့် အလားအလာရှိသည့် အာရှမြို့ကြီးများကို ခန့်မှန်းပေးပါရန် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
လာမည့်နှစ် ဟောင်ကောင်အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအပေါ် အဓိကအကျိုးသက်ရောက်စေမည်ဟု ခန့်မှန်းထားသည့် အချက် ၄ ရပ်ရှိရာ ၁။ တရုတ် developer တို့၏ မြေယာဝယ်ယူမှု ၂။ ဈေးကွက်ကျဆင်းမှု နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးနောက် ဈေးကွက်မှာ အောက်ဆုံးအဆင့်ထိ ထိုးဆင်းသွားသည်ဟူသော ယုံကြည်ချက် ၃။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့သည် အမြတ်အစွန်းရရန် အခြားနည်းလမ်းများ ရှာဖွေလာကြခြင်း ၄။ ဟောင်ကောင်၏ ဒုတိယ စီးပွားရေးဇုန် CBD ဟု ဆိုနိုင်သော ကောင်လွန်းအရပ်၏ လှုပ်ရှားမှုများ အစရှိသည်တို့ ဖြစ်ကြသည်။
“အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူတွေဟာ ဟောင်ကောင်မှာ ဆက်လက်ရင်းနှီးမြှုပ်နှံလျက်ရှိနေတဲ့အတွက် ဒါကိုရိပ်မိတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက်တော့ အခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်” ဟု Colliers International ၏ ဟောင်ကောင်ဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ ဒေးဗစ်ဖော့က်နာက ပြောကြားသည်။
ဟောင်ကောင်အိမ်ခြံမြေကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု အများစုမှာ ပြည်တွင်းဈေးကွက်မှ ချဲ့ထွင်လိုသော ချမ်းသာကြွယ်ဝသည့် တရုတ်လုပ်ငန်းရှင်များထံမှ ဆက်လက်စီးဝင်ကြဦးမည်ဖြစ်သည်။
ပြီးခဲ့သော နိုဝင်ဘာလ ၁ ရက်က ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ်၊ CK Asset Holdings ၏ ဥက္ကဌ လီကာရှင်းက သူပိုင်ဆိုင်သော အဆောက်အအုံများတွင် အမြင့်မားဆုံးဖြစ်သည့် ဟောင်ကောင်ရှိ The Center tower ကို ဟောင်ကောင်ဒေါ်လာ ၄၀ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၁၅ ဘီလီယံ) ဖြင့် ရောင်းချလိုက်ကြောင်း ထုတ်ဖော်ကြေညာလိုက်ရာ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်တစ်ခု ဖြစ်လာခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)