ဟောင်ကောင်၏ အမြင့်မားဆုံးကုန်းမြင့်ဒေသတွင် တည်ရှိသည့် Mount Nicholson ဇိမ်ခံအိမ်ရာစီမံကိန်းရှိ လူနေခန်း ၂ ခန်းကို ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီယံ (ကန်ဒေါ်လာ ၁၄၉ သန်း) ဖြင့် ဝယ်လက်တစ်ဦးတည်းက ဝယ်ယူသွားရာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးလူနေခန်းများအဖြစ် စံချိန်တင်သွားကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါဝယ်လက်သည် Mount Nicholson ရှိ စတုရန်းပေ ၄၅၇၉ ကျယ်ဝန်းသည့် လူနေခန်းကို ဟောင်ကောင်ဒေါ်လာ သန်း ၆၀၀ ဖြင့် ဝယ်ယူခဲ့ရာ တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၃၁၀၀၀ အထိ ပေးခဲ့ရခြင်း ဖြစ်သည်။
ယခုလူနေခန်းများကို အရောင်းအဝယ်လုပ်ဆောင်ပေးခဲ့သည်မှာ Wheelock Properties ကုမ္ပဏီမှဖြစ်ပြီး ဝယ်လက်၏ အမည်ကိုမူ ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိချေ။
ယင်းဝယ်လက်သည် သန်း ၆၀၀ ဖြင့် လူနေခန်းဝယ်လိုက်သည့်နေ့တွင် အဆိုပါအဆောက်အအုံတွင်ပင် စတုရန်းပေ ၄၂၄၂ ကျယ်ဝန်းသည့်အခြားတစ်ခန်းကိုလည်း ဟောင်ကောင်ဒေါ်လာ သန်း ၅၆၀ ဖြင့် ထပ်မံဝယ်ယူခဲ့ရာ တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၃၂၀၀၀ ပေးခဲ့ခြင်း ဖြစ်သည်။
တစ်စတုရန်းပေပေါက်ဈေးဖြင့် ချိန်ထိုးနှိုင်းယှဉ်မည်ဆိုလျှင် ဒုတိယမြောက် ဝယ်ယူခဲ့သည့်အခန်းသည် အာရှတိုက်တွင် တန်ဖိုးအကြီးဆုံး လူနေခန်း ဖြစ်ခဲ့သည်။
“သာမာန် ဟောင်ကောင်သားတစ်ယောက်ရဲ့ ရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ ဟောင်ကောင်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေဟာ လူနေအိမ်တွေအတွက် ဘာကြောင့် ဒီလောက်ငွေတွေသုံးနေလဲဆိုတာ ဘယ်တော့မှ နားလည်နိုင်လိမ့်မှာ မဟုတ်ပါဘူး” ဟု Knight Frank ၏ ရာဖြတ်နှင့်အတိုင်ပင်ခံဌာနအကြီးအကဲ သောမတ်စ်လမ်းက ပြောကြားသည်။
Mount Nicholson ရှိ လူနေခန်းအရောင်းအဝယ်မှာ ယခင်စံချိန်ကို ဖြတ်ကျော်ခဲ့ခြင်းလည်း ဖြစ်သည်။
ယခင်က Henderson Land Development ၏ Conduit လမ်း၊ အမှတ် ၃၉ ရှိ duplex penthouse ခန်းကို ဟောင်ကောင်ဒေါ်လာ ၅၂၂ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၀၅၀၀၀ ပေးခဲ့ရခြင်း ဖြစ်သည်။
ဟောင်ကောင်အိမ်ခြံမြေဈေးများသည် ၂၀၀၃ ခုနှစ်နောက်ပိုင်း ၄၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ရာ ကမ္ဘာပေါ်ရှိ မြို့ကြီးပေါင်း ၄၀၆ မြို့အနက် နေအိမ်တစ်လုံးဝယ်ယူရန် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်စေခဲ့ကြောင်း Demographia International Housing Affordability Survey တွင် ဖော်ပြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)