အမေရိကန်ပြည်ထောင်စုတွင် ဂျက်ဖရီ အေ ရက်တ်လစ်ဖ်အမည်ရှိ အလုပ်သမားတစ်ဦးသည် မသန်စွမ်းသူဖြစ်သည်ဟု လိမ်လည်ကာ အမေရိကန် မီးရထားလမ်းအငြိမ်းစားဘုတ်အဖွဲ့ထံမှ နှစ်ပေါင်း ၂၀ ခန့် ထောက်ပံ့ကြေး ထုတ်ယူခဲ့မှုဖြင့် တရားရုံးက
ထောင်ဒဏ် ၁၈ လကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း လော့စ်အိန်ဂျလိ
အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။
တရားရုံးမှတ်တမ်းများအရ ရက်တ်လစ်ဖ်သည် နော်ဖော့ခ် ဆောက်သမ်း ကော်ပိုရေးရှင်းတွင် ပိုက်ဆက်လုပ်သားတစ်ဦးအဖြစ် ၁၉၇၄ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့သူဖြစ်သည်။
ယင်းနောက် လုပ်ငန်းခွင်အတွင်း မတော်တဆမှုတစ်ခုကြောင့် မသန်စွမ်းဖြစ်သည်ဟုဆိုကာ မသန်စွမ်းနှစ်စဉ်ထောက်ပံ့ကြေးငွေ လျှောက်ထားရယူခဲ့သည်။
နှစ်ပေါင်း ၂၀ အတွင်း ရက်တ်လစ်ဖ် ထုတ်ယူခဲ့သည့်ငွေ စုစုပေါင်းမှာ ကန်ဒေါ်လာ ၄၄၇၀၀၀ ကျော်ရှိသည်။
နော်ဖော့်ခ်မှ အနားယူပြီးနောက် ဟောင်းဝပ်ဟာနာကုမ္ပဏီတွင် အိမ်ခြံမြေပွဲစားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။တရားရုံးမှတ်တမ်းများအရ ရက်တ်လစ်ဖ်သည် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီမှ စတင်ကာ အိမ်ခြံမြေပွဲစားအဖြစ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ ဖြစ်သည်။
ယင်းကာလအတွင်း ရက်တ်လစ်ဖ်သည် ဟောင်းဝပ် ဟန်နာ၏ ထိပ်တန်းစာရင်းဝင် အကျိုးဆောင်တစ်ဦးဖြစ်ခဲ့ပြီး အရောင်းရဆုံး အကျိုးဆောင်စာရင်းတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။
မီးရထားလမ်းအငြိမ်းစားဘုတ်အဖွဲ့က အကယ်၍ ရက်တ်လစ်ဖ်အနေဖြင့် အလုပ်အကိုင်အခြေအနေပြောင်းလဲမှု တစ်စုံတစ်ရာရှိပါက အကြောင်းကြားရန် နှစ်စဉ် သတိပေးအကြောင်းကြားစာပေးပို့ခဲ့သော်လည်း အလုပ်ရနေကြောင်း ဘုတ်အဖွဲ့အား တင်ပြခြင်းမရှိခဲ့။
နောက်ဆုံးတွင် ရက်တ်လစ်ဖ်က လိမ်လည်ခဲ့ကြောင်းနှင့် မိမိလုပ်ရပ်မှားယွင်းသည်ကို သိပါကြောင်း ဝန်ခံခဲ့သည်။
၎င်း၏ရှေ့နေက ထောင်ဒဏ်ချမှတ်ခြင်းမပြုပါရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
ခရိုင်တရားသူကြီး ရေဗက္ကာ ဘိခ်ျ စမစ်က ရက်တ်လစ်ဖ် လိမ်လည်ရယူထားငွေအားလုံး ပြန်လည်ပေးဆပ်ရန်နှင့် ထောင်ဒဏ် ၁၈ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ရက်တ်လစ်ဖ်၏ ရှေ့ နေက လျှောက်ထားရာတွင် မိမိ၏အမှုသည်သည် ဘုရားကျောင်းတွင် ပုံမှန်လုပ်အားပေးနေသူတစ်ဦး ဖြစ်သည့်အပြင် မိသားစုအပေါ် တာဝန်ကျေစွာ အိမ်ထောင်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ထည်ထည်ဝါဝါနေထိုင်ရခြင်းမျိုးလည်း မရှိကြောင်း၊ ၎င်း၏လုပ်ရပ်အပေါ် ရှက်ရွံ့ ကာ နောင်တကြီးစွာရနေပြီဖြစ်သောကြောင့် ထောင်ဒဏ်မချမှတ်သင့်ပါကြောင်း လျှောက်ထားခဲ့သည်။
တရားသူကြီးစမစ်က ပြောကြားရာတွင်မူ ယခုပြစ်မှုကြီးသည် ထောင်ဒဏ်ချမှတ်သင့်သည့် ပြစ်မှုဖြစ်ပြီး အခြားသူများ အလားတူ မကျူးလွန်ဝံ့စေရန် နမူနာတစ်ရပ်အဖြစ် ပြစ်ဒဏ်ချမှတ်ရမည်သာဖြစ်ကြောင်း၊ ရာဇဝတ်မှုများကို ကျူးလွန်ပြီးနောက် ရှောင်လွှဲထွက်ခွာသွား၍ မရကြောင်း ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)