တိုက်ခန်းတွေကို တစ်ဆင့်ခံ ပြန်လည် ဝယ်ယူသူတွေ ငွေကြေးအခက်အခဲတွေ၊ အရစ်ကျ စနစ်တွေကိ မသိဘဲ ဝယ်ယူလိုက်လို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
“တိုက်ခန်းအဝယ်တွေက အခုတလော အရမ်းများလာတယ်၊ ဝယ်တာကလဲ ပိုက်ဆံရှိတဲ့ သူတွေက ဝယ်ပြီး ပြန်ရောင်းတာတွေ ရှိသလိုပဲ ပြန်ငှားတာတွေလဲ ရှိတတ်တယ်၊ ပြန်ရောင်းတာတော့ ပိုများတယ် ကိုယ်တိုင်နေဖို့ ဝယ်တာကတော့ နည်းပါတယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တစ်ခုက တာဝန်ရှိသူ ဒေါ်ဝင်းဝင်းမော်က ပြောပါတယ်။
တန်ဖိုးနည်းတိုက်ခန်းတွေဖြစ်စေ၊ အရစ်ကျ ဝယ်နိုင်တဲ့ တိုက်ခန်းတွေ ကွန်ဒိုတွေကို ဖြစ်စေ၊ ဝယ်ယူပြီးတော့ ပြန်ရောင်းတာတွေ ပြန်ငှားတာတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ သည်လို အရောင်းအဝယ်တွေ ပြုလုပ်တာ များလာတာကြောင့် အကျိုးဆောင်တွေလည်း ပိုပြီး အလုပ်ဖြစ်လာကြတယ်လို့ သိရပါတယ်။ ရောင်းတဲ့သူတွေအတွက် အဆင်ပြေနိုင်ပေမဲ့ဝယ်ယူသူတွေအနေနဲ့ ဈေးပိုပြီး ပေးရတာတွေ၊ အရစ်ကျ ဘယ်လို ဝယ်ရမလဲဆိုတာတွေကို မသိတာကြောင့် နစ်နာမှုတွေ ရှိနေတာတွေ ဖြစ်တယ်လို့ သိရပါတယ်။
“ပိုက်ဆံရှိတဲ့ သူတွေက ဝယ်တာ ဟုတ်ပါတယ်၊ သူတို့ ပြန်ရောင်းတော့ နဂိုရောင်းဈေးထက် ပိုနေတယ်၊ အဲဒီလိုဆိုတော့ ဝယ်တဲ့သူတွေအတွက် အခက်အခဲ ဖြစ်စေတာပေါ့၊ သူတို့ကတော့ စီးပွားရေးလုပ်တာ မှန်ပေမဲ့ တကယ်ဝယ်တဲ့ သူတွေအတွက်ကတော့ ဒုက္ခရောက်တယ်” လို့ တစ်ဆင့်ပြန်ဝယ်ယူသူ မသိမ့်သိမ့်က ပြောပါတယ်။
သည်လိုမျိုး တစ်ဆင့် ပြန်လည် ဝယ်ယူရတာကြောင့် ဈေးတွေ ပိုများနေတာတွေ၊ အရစ်ကျ စနစ်နဲ့ ဝယ်နိုင်တာကို မသိလိုက်လို့ လက်ငင်းပေး ဝယ်ရတာတွေလည်း ရှိလာပါတယ်။ ဒါတွေကြောင့် ပြန်ပြီး ဝယ်ယူသူတွေအနေနဲ့ တစ်ဆင့်ခံ ဝယ်သူ ဟုတ်မဟုတ်၊ အရစ်ကျ စနစ်နဲ့ ရောင်းထားတာ ဟုတ်မဟုတ် ကြိုပြီး လေ့လာထားသင့်တယ်လို့ သိရပါတယ်။
Credit: Kumudra