ရန်ကုန်စတော့အိတ်ချိန်း၏ စတုတ္ထမြောက် စာရင်းဝင် ကုမ္ပဏီဖြစ်လာခဲ့ သည့် ပထမ ပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာတန်ဖိုးမှာ စတင်ရောင်း ချသည့် လေးရက်အတွင်း အနိမ့်ဆုံးဈေးဖြစ်သည့် ကျပ် ၃၄၀၀၀ အောက်သို့ ပထမဆုံး ရောက်ရှိသွားကြောင်း ဇန်န၀ါရီ ၂၅ ရက်တွင် ဖြစ်ပေါ် သည့် ဈေးနှုန်းပြောင်းလဲမှုအရ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမ ပုဂ္ဂလိကဘဏ်၏ ရှယ်ယာတစ်စုအပေါ် ဇန်န၀ါရီ ၁၉ ရက်က ဈေးကွက်ဖွင့်လှစ်ခဲ့ရာတွင် အမြင့်ဆုံးဈေးအဖြစ် ကျပ် ၄၄၀၀၀၊ အနိမ့်ဆုံးဈေး ကျပ် ၃၄၀၀၀ နှင့် ကြမ်းခင်းဈေးအဖြစ် ရှယ်ယာ တစ်စု ကျပ် ၃၉၀၀၀ အဖြစ် သတ်မှတ်ခဲ့သော်လည်း အနိမ့်ဆုံးဈေးဖြစ်သည့် ကျပ် ၃၄၀၀၀ ဖြင့်သာ နေ့စဉ် အရောင်းအ၀ယ် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ယခုဈေးနှုန်းလျော့ကျလာခြင်း ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဆုံး စတင်ရောင်းချခဲ့သည့် FMI ရှယ်ယာသည် ကြမ်းခင်းဈေး ကျပ် ၂၆၀၀၀ ဖြင့် စတင်ခဲ့ပြီး အမြင့် ဆုံးဈေး တွင် ကျပ် ၃၁၀၀၀ နှင့် အနိမ့်ဆုံးဈေးတွင် ကျပ် ၂၁၀၀၀ သတ်မှတ် ခဲ့ရာတွင် အမြင့်ဆုံးဈေးဖြင့် စတင်ရောင်းချနိုင်ခဲ့သည်။ ထို့အတူ သီလ၀ါရှယ်ယာ သည်လည်း အမြင့်ဆုံးဈေးအဖြစ် သတ်မှတ်သည့် ရှယ်ယာတစ်စု ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သကဲ့သို့ မြန်မာနိုင်ငံသားများ ဘဏ် သည်လည်း အမြင့်ဆုံးဈေးအဖြစ် သတ်မှတ်သည့်နှုန်းထား ကျပ် ၇၈၀၀ ဖြင့် ပင် စတင် အရောင်းအ၀ယ် ဖြစ်ခဲ့သည်။ ထိုသို့ ဈေးနှုန်းအမြင့် များဖြင့် ဈေးကွက် စတင်နိုင်ခဲ့သော်လည်း လက်ရှိတွင် စတော့အိတ်ချိန်းရှိ စာရင်းဝင်ကုမ္ပဏီ လေးခုစလုံးမှာ အဖွင့်ဈေးအောက်ဈေးနှုန်း ကျဆင်းခဲ့သည့် ဈေးနှုန်းကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီ ဖြစ်သည် ။
ရန်ကုန်စတော့အိတ်ချိန်းတွင် လစဉ် ရှယ်ယာအရောင်းအ၀ယ် ဖြစ်ပေါ်နေမှု မှာ မတ်လတွင် ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် FMI ကုမ္ပဏီတစ်ခုတည်းမှ ကျပ်ငါးဘီလျံကျော်၊ မေ ၂၀ ရက်တွင် သီလ၀ါရှယ်ယာ စတင်ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခု ဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်လတွင် ကျပ် ခြောက် ဘီလျံကျော်၊ ဇူလိုင်လတွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်နှင့် သြဂုတ်၂၆ ရက် တွင် မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း ကုမ္ပဏီ သုံးခုမှ ကျပ် ၂ ဒသမ ၉ ဘီလျံကျော်သာ အရောင်းအ၀ယ် ဖြစ်ခဲ့ပြီး စက်တင်ဘာတွင် လည်း ကျပ် ၂ ဒသမ ၄ ဘီလျံကျော်သာ အရောင်းအ၀ယ် ဖြစ်ပေါ်ကာ အနည်းဆုံး အရောင်းအ၀ယ်ဖြစ်မှုအဖြစ် စံချိန်တင်ခဲ့ သည်။ ထို့နောက် အောက်တိုဘာလတွင် သီလ၀ါ ရှယ်ယာများကို ရှယ်ယာ ခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များပြားလာပြီး ဈေးနှုန်းပြန် လည် မြင့်တက်လာသဖြင့် အောက်တိုဘာတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအ၀ယ်ဖြစ်မှု ပြန်မြင့်လာခဲ့ပြီး ကျပ် ၄ ဘီလျံကျော်ဖိုး အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ အရောင်းအ၀ယ် မြင့်တက်မှုမှာ တစ်လသာ ကြာခဲ့ပြီး နိုဝင်ဘာလတွင်မူ အရောင်းအ၀ယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလျံခန့်ဖြင့် စတော့အိတ်ချိန်း ဖွင့်လှစ်သည့် ကိုးလအ တွင်း နိုဝင်ဘာလသည် အရောင်းအ၀ယ်ကျဆင်းမှု အဆိုးဆုံးဖြစ်ခဲ့ပြီးနောက် ဒီဇင်ဘာလသည် ကျပ် ၁ ဒသမ ၆ ဘီလျံကျော်သာ အရောင်းအ၀ယ်ရှိခဲ့သဖြင့် စတော့အိတ်ချိန်း စတင်သည့် ၁၀ လအတွင်း ရောင်းအားကျဆင်းမှု အဆိုးဆုံးအခြေအနေ ဖြစ်ခဲ့သည်။
Credit: Eleven Media Group