ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှု၊ မြေအက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဟားခါးမြို့ဟောင်းနေရာမှာ ဆက်လက်နေထိုင်ရန် လုံးဝမဖြစ်တော့သည့်အတွက် ပြောင်းရွှေ့ရမည်ဖြစ်ပြီး မြို့သစ်နေရာများ မပါဝင်ကြောင်း ဟားခါးမြို့၏ မြေမျက်နှာသွင်ပြင်ဆိုင်ရာအခြေအနေများ လေ့လာရာတွင် ပါဝင်သည့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဦးကျော်ထွန်းက ပြောကြားသည်။
“ဟားခါးတစ်မြို့လုံး ပြောင်းရမယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ လုံးဝနေလို့မရတဲ့ နေရာတွေကို တွေ့ထားပြီ။ ဆက်နေလို့ လုံးဝမဖြစ်တော့ဘူး။ အဲဒီနေရာတွေကတော့ ပြောင်းရမှာပဲ။ ပြောင်းဖို့အတွက်ပဲ ဆရာတို့ နေရာကောင်းလေးတွေ ရှာထားပြီးပြီ။
ဘယ်လောက်အထိ ပြောင်းရမယ်ဆိုတာကတော့ ပုံဆွဲတာ ဆွဲလို့မပြီးသေးပါဘူး။ ပြောင်းတာကတော့ ပြောင်းရမယ်။ ဒါပေမဲ့ တစ်မြို့လုံးတော့ မပြောင်းရပါဘူး။ ဟားခါးမြို့ဟောင်းက တော်တော်ထိတာကိုး။ မြို့သစ်ဘက်က သိပ်မထိဘူး။ ပြိုတဲ့နေရာက လုံးဝ နေလို့မရတော့တဲ့အတွက် ပြောင်းဖို့အတွက် အကြံပြု မှာပါ။ အဲဒီနေရာတွေက နေလို့မဖြစ်တော့ဘူး”ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဦးကျော်ထွန်းက ပြောကြားသည်။
“တချို့ အခြေအနေဆိုးတဲ့နေရာတွေ လုံးဝကို နေလို့မရတော့တဲ့နေရာတွေ အဲဒီနေရာတွေကျတော့ ပြန်ပြီးပြုပြင်မယ်ဆိုရင်လည်း ဒေါ်လာဘီလျံနဲ့ချီပြီး ကုန်ကျမှာဆိုတော့ အဲလိုနေရာမျိုးတွေက ပြုပြင်လို့ရမယ် မရဘူးအစား သူတို့ကို နေရာတစ်ခု ချပေးတာက ပိုကောင်းမယ်ဆိုပြီး အကြံပြုတာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ဟားခါးမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေနဲ့ပတ်သက်ပြီး ဟားခါးရဲ့ လက်ရှိမြေအနေအထားအရ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေကို ဇုန်တွေ ခွဲခြားသတ်မှတ်ပြီးတော့ လေ့လာခဲ့တယ်။ ကျွန်တော်တို့ ဒီနေ့(သြဂုတ် ၂၄)မှာ လက်ရှိ လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အစည်းအဝေးတွေ လုပ်နေကြပါတယ်။ ဒီလေ့လာတွေ့ရှိချက်တွေကို အသေးစိတ်ရေးသားပြီးလာမယ့် စက်တင်ဘာလဆန်းပိုင်းမှာ ထုတ်ပြန်သွားဖို့ရှိပါတယ်”ဟု မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ ဦးကျော်ထွန်းက သြဂုတ် ၂၄ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ဟားခါးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဖြစ်ပေါ်နေသည့် မြေပြိုမှု၊ မြေအက်ကွဲမှု စသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ မြေသားထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘူမိအင်ဂျင်နီယာလုပ်ငန်းများကို အသေးစိတ် လေ့လာခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပာားခါးမြို့တွင် အန္တရာယ်ရှိနိုင်သည့် အနေအထားများအလိုက် မြေနေရာများကို ဇုန်အလိုက် သတ်မှတ်ကာ အရေးပေါ်ကာကွယ်ရမည့် လုပ်ငန်းများ၊ ရေရှည်အတွက် ထိန်းသိမ်းရမည့် မြေထိန်းနံရံများ ဆောက်လုပ်နိုင်ခြင်း၊ မြေသား တည်ငြိမ်မှု (Land Stability) ရှိနိုင်ရန်အတွက် ဘူမိဗေဒပညာရပ်များကို အသုံးချ၍ နိုင်ငံတကာ အတွေ့အကြုံများကို အခြေခံကာ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြေသားစမ်းသပ်ခြင်းလုပ်ငန်းနှင့် မြေသားထိန်းချုပ်မှုလုပ်ငန်းများ၊ မြေထိန်းနံရံ တည်ဆောက်ရေးနှင့် ဘူမိဗေဒမြေပုံရေးဆွဲနိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ပညာရှင်များမှ ပာားခါးမြို့တွင် ကနဦးလေ့လာကြပြီး သက်ဆိုင်ရာဒေသခံ တာဝန်ရှိသူများနှင့် ပြည်သူများကိုလည်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Credit: Eleven News