ဆောက်လုပ်ရေး လုပ်ငန်းများတွင် မြေဆီလွှာစစ်ဆေးခြင်း (Soil Test) လုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ခွင့်ပြုလိုင်စင်ပါမှသာ လုပ်ကိုင်ခွင့်ရရှိမည်ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။
‘‘အဲဒီအစီအစဉ်ကို မကြာခင် အကောင်အထည်ဖော်တော့မှာပါ။ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အရေးကြီးတဲ့ ဒီလိုလုပ်ငန်းတွေကို စိစစ်ကြပ်မတ်နိုင်အောင် လုပ်တာပါ’’ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံဌာန အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။
မြေဆီလွှာ စစ်ဆေးခွင့်လိုင်စင် ရရှိရန် ကုမ္ပဏီများသည် အထပ်မြင့်အဆောက်အအုံများ ကြီးကြပ်ရေးကော်မတီ၏ စစ်ဆေးခြင်းခံရမည်ဖြစ်ပြီး ယင်းစစ်ဆေးမှုပြီးမှသာ လုပ်ကိုင်ခွင့်လိုင်စင်ကို အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနက ထုတ်ပေးမည်ဖြစ်သည်။
ယခင်က YCDC သည် အဆောက်အအုံများ ဆောက်လုပ်ခွင့်နှင့် လူနေထိုင်ခွင့်ကိစ္စများကိုသာ အဓိက ကိုင်တွယ်နေခြင်းဖြစ်ပြီး ယခုနှစ်အတွင်းမှသာ ဆောက်လုပ်ရေးလုပ်ငန်းများ၏ အခြားအစိတ်အပိုင်းများကို စိစစ်ကြပ်မတ်ခြင်းဖြစ်သည်။
ရန်ကုန်တွင် မြေဆီလွှာစစ်ဆေးခြင်း၊ လုပ်ငန်းအရေအတွက် မည်မျှရှိသည်ကို စာရင်းပြုစုလိုခြင်းဖြစ်ပြီး တစ်စုံတစ်ရာဖြစ်ပါက ကုမ္ပဏီနောက်ခံသမိုင်းကြောင်းများ စည်ပင်တွင် လက်ခံထားရှိနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်။
‘‘ဒါတွေက အင်ဂျင်နီယာအသင်းနဲ့ စည်ပင်တို့ပေါင်းပြီး အကြံဉာဏ်တွေပေးတာတွေကြောင့် အခုလိုစနစ်တကျ ဖြစ်လာတာပါ။ နောက်ပိုင်း ထပ်ပြီးကြပ်မတ်စစ်ဆေးဖို့ လုပ်ငန်းအသစ်တွေ ရှိသေးတယ်။ တချို့ဟာတွေက ဥပဒေတွေလိုသေးလို့ စောင့်နေတာ’’ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြေဆီလွှာစစ်ဆေးခြင်းလုပ်ငန်းအတွက် ယခင်က လိုင်စင်တင်ရန် မလိုအပ်သော်လည်း ဆောက်လုပ်ရေးလုပ်ကိုင်မည့် ကုမ္ပဏီက မြေဆီလွှာစစ်ဆေးခြင်း တွဲဖက်လုပ်ကိုင်သည့် ကုမ္ပဏီကို စည်ပင်သို့ တစ်ပါတည်းတင်ပြရကြောင်း Penurate Soil and Geography ကုမ္ပဏီဒါရိုက်တာ ဦးသောင်းမြင့်က ပြောသည်။
‘‘ဒီလိုလုပ်လိုက်တဲ့အတွက် ကျွန်တော်တို့ လုပ်ငန်းနယ်ပယ်ထဲမှာ ကုမ္ပဏီတွေ ဘယ်နှစ်ခုရှိတယ်ဆိုတာကို သိရတာလည်း ကောင်းတယ်။ ပိုပြီး ကြပ်မတ်သွားတာပေါ့’’ဟု ဦးသောင်းမြင့်က ပြောကြားသည်။
YCDC မှ ဆောက်လုပ်ရေးလုပ်ငန်းများ စိစစ်ကြပ်မတ်ရန် ဆောင်ရွက်နေပြီး ပြီးခဲ့သည့် ဇူလိုင်ကလည်း အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရန် ပိုင်ရိုက်သည့်လုပ်ငန်းများကို လုပ်ငန်းလိုင်စင်ပါမှ လုပ်ကိုင်ခွင့်ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။
Credit : 7Day News