ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၏ လမ်းမြေဧရိယာတွင် တရားမ၀င် ခွင့်ပြုချက်မရှိဘဲ နေအိမ်တည်ဆောက် နေခြင်းကို ရပ်ကွက်အတွင်း နေ ထိုင်သူများက ဖျက်သိမ်းပေးရန် တိုင်ကြားခဲ့သော်လည်း သက် ဆိုင်ရာ မြို့နယ်စည်ပင်က ဖျက် သိမ်းအရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများက ပြောကြားသည်။
ဗဟန်းမြို့နယ်၊ ရွှေတောင် ကြား (၂)၊ ရွှေတောင်ကြားလမ်း၊ ခြံအမှတ် (၄၄-က)ခြံဝင်းအနီး လမ်းမြေနေရာတွင် ပုဂ္ဂလိကနေ အိမ်ဆောက်လုပ်နေသည့် အတွက် ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်ရုံးအပါအ၀င် သက်ဆိုင် ရာစည်ပင်ဌာနအသီးသီးနှင့် အမျိုးသားလွှတ်တော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားပြီးဖြစ်သော်လည်း ဖျက် သိမ်းအရေးယူဆောင်ရွက်မှုမရှိ သည့်အတွက် ဆက်လက်ဆောက် လုပ်နေကြောင်း ရွှေတောင်ကြား (၂) လမ်းတွင် နေထိုင်သူ ဒေါ်ရွှေ ၀င်းမြင့်က ပြောသည်။
‘‘အဓိကကတော့ တရားဥပဒေစိုးမိုးရေးရရှိစေချင်တာပါ။ မြို့တော်ဝန်ရုံး၊ စည်ပင်အင်ဂျင်နီယာဌာန လက်ထောက်ဌာနမှူးက အန်တီ့ကို ခေါ်တွေ့တယ်။ အင် ဂျင်နီယာ မကေသွယ်ကနေပြီး စည်ပင်ရုံးကို ဖျက်မိန့်ချလိုက်ပါပြီ။ ဗဟန်းမြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဆီကို စာပေးလိုက်ပြီပြောတယ်။ အဲဒီလိုပြောလို့ စောင့်နေတာကို ၃၀ ရက်နေ့အထိ မဖျက်ဘဲ ဆောက်နေတယ်။ သူတို့ကို နှစ် ပတ်အတွင်း ဖျက်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တောင် ကျော်နေပြီ။ ကျော်နေတာလည်း ဆက်ဆောက် နေဆဲပဲ’’ဟု ၎င်းကပြောသည်။
ကျူးကျော်အိမ်တည်ဆောက်မှုနှင့် ပတ်သက်၍ စည်ပင်သာ ယာရေးဥပဒေနှင့် မညီညွတ်သည့် အဆောက်အအုံကို ဖျက်သိမ်းရန် မြို့တော်ဝန်ရုံးရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ စက်တင်ဘာ ၂၆ ရက်က ဗဟန်းမြို့နယ်စည်ပင်ဌာနသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဗဟန်းမြို့နယ်စည်ပင်သာယာ ရေးရုံးမှ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းခဲ့ရာ ‘‘ဖျက် သိမ်းဖို့ဆိုတာကတော့ ကော်မတီ က ဆုံးဖြတ်ပေးရမယ့် ကိစ္စပါ။ ကျွန်တော်မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ယောက်အနေနဲ့တော့ ခွင့်ပြု ချက်မရှိဘဲ စတင်ဆောင်ရွက်ပြီ ဆိုတာနဲ့ ကျွန်တော်ကတားတယ်။ ဒါပေမယ့် မရပ်ဘူး၊ ဆက်လုပ် နေတယ်ဆိုတော့ စည်ပင်သာယာ ရေးဥပဒေနဲ့အညီ တရားရုံးကို တရားစွဲဆို တင်ပို့ပေးတယ်။ တရားရုံးက ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပြီး ဒဏ်ငွေဆောင်နေ တယ်။ အဲဒီအပေါ်မှာ မလိုက်နာ ဘူး။ ဆက်လုပ်နေရင်တော့ ထိ ရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ရဖို့ တရားသူကြီးကိုလည်း အထက်က ညွှန်ကြားထားပြီး ဖြစ်တယ်။ ဒါက ကျွန်တော် ဆုံးဖြတ်လို့ မရဘူး’’ဟု အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောသည်။
လက်ရှိတည်ဆောက်နေ သည့် ကျူးကျော်နေအိမ်သည် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ မြေပုံရာဇ၀င်အ ရ လမ်းမြေသာဖြစ်ပြီး ယင်းနေရာ တွင် ခွင့်ပြုချက်မရှိဘဲတရားမ၀င်အဆောက်အအုံဆောက်လုပ်နေ ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။‘‘ဒီလို မြေလွတ်တိုင်း ဆောက်ခွင့်ပေးနေရင် ရွှေတောင်ကြားလို နေရာမျိုးမှာ ဒဏ်ကြေးပေးပြီး ဆောက်ကုန်ကြမှာပေါ့။ ကျွန်မတို့ပြည်သူတွေမှာ ဘယ်သူ့ကို အား ကိုးကြရမလဲ’’ဟု ဒေါ်ရွှေဝင်းမြင့်က ပြောသည်။
Credit: 7 Day Daily