ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဒေးဗစ်ကင်မရွန်သည် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ၂၀၁၀ မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
သူ၏လက်ထက်တွင် အထင်ရှားဆုံးဖြစ်ပေါ်ခဲ့သည့်ဖြစ်ရပ်မှာ ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ လူထုဆန္ဒသဘောထား မဲပေးစေကာ တွဲရေး၊ ခွဲရေး အဆုံးအဖြတ်ယူခဲ့သည်။ ဥရောပသမဂ္ဂမှ နှုတ်ထွက်ပြီးနောက်ပိုင်း ဒေးဗစ် ကင်မရွန်းလည်း ရာထူးမှ နှုတ်ထွက်သွားသည်။
((သမီးငယ်လေး အရက်ဆိုင်တွင် ကျန်နေခဲ့ခြင်း))
ဒေးဗစ်ကင်မရွန်သည် ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်း ၈ နှစ်အရွယ် သမီးငယ်လေးကို အရက်ဆိုင်တစ်ခုတွင် မေ့ကာ ထားရစ်ခဲ့ပြီး ဇနီးမောင်နှံ ၂ ဦး ကားကိုယ်စီဖြင့် အိမ်သို့ ပြန်ခဲ့ကြသည်။
ထိုစဉ်က ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဒေးဗစ်ကင်မရွန်သည် Chequers ဟုခေါ်သော ဗြိတိန်ဝန်ကြီးချုပ်တို့အတွက် ထားရှိပေးထားသည့် ၁၆ ရာစုနှစ် ကျေးလက်စံအိမ်တော်ကြီးအနီးရှိ အရက်ဆိုင်တွင် မိသားစုနှင့်အတူ အရက်သောက်ခဲ့ပြီး ကျေးလက်အိမ်တော်သို့ ပြန်ရောက်ချိန်တွင် သမီးလေး ပါမလာကြောင်း သိခဲ့သည်။
ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံသည် ဘက်ကင်ဟမ်ရှိုင်းယားခရိုင်၊ Cadsden ရွာလေးရှိ Plough Inn အမည်ရှိ အရက်ဆိုင်တွင် ကလေး ၃ ဦး၊ အခြား မိသားစု ၂ ခုနှင့်အတူ ပျော်ရွှင်စွာ သောက်စားခဲ့ကြသည်။
(ဒေးဗစ်ကင်မရွန်နှင့် သမီးလေး နန်စီတို့ကို ၂၀၀၇ ခုနှစ်အတွင်း မင်္ဂလာဆောင်တစ်ခုတွင် တွေ့ရပုံ။)
အရက်ဆိုင်မှ ထွက်ခွာချိန်တွင် နန်စီမှာ မိဘများကို မပြောခဲ့ဘဲ အိမ်သာသွားခဲ့သည်။
အရက်ဆိုင်မှ ကားတစ်ယောက်တစ်စင်းဖြင့် အိမ်ပြန်ခဲ့ကြရာ ဒေးဗစ်ကင်မရွန်က ကလေးအားလုံး ဇနီးဖြစ်သူ၏ ကားတွင် လိုက်ပါသွားသည်ဟု ထင်ခဲ့ပြီး ဇနီးဖြစ်သူကလည်း သမီးဖြစ်သူ နန်စီမှာ ဒေးဗစ်ကင်မရွန်၏ ကားတွင် ပါသွားသည်ဟု ယူဆခဲ့သည်။
ဝန်ကြီးချုပ် ကျေးလက်အိမ်တော်မှာ အရက်ဆိုင်မှ ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ဝန်ကြီးချုပ်ကို အကာအကွယ်ပေးသည့် လုံခြုံရေးအဖွဲ့က ကားတစ်စင်းဖြင့် လိုက်ပါလာခဲ့ပြီး ဇနီးဖြစ်သူ မစ္စက် ကင်မရွန်မှာ အခြားကလေးများနှင့်အတူ အခြားကားတစ်စင်းဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။
အိမ်သို့ ပြန်ရောက်ချိန်တွင် နန်စီ ပါမလာသည်ကို သိလိုက်ချိန်၌ ဒေးဗစ် ကင်မရွန်မှာ အရက်ဆိုင်သို့ ပြန်သွားကာ ခေါ်ယူခဲ့ရသည်။
“သူတို့က အရက်ဆိုင်ကို ဖုန်းဆက်တဲ့အခါမှာ နန်စီလေးက ဘေးကင်းကင်းနဲ့ ရှိနေတာကို သိခဲ့ရပါတယ်။ ဝန်ကြီးချုပ်က နန်စီ့ကို ခေါ်ဖို့ ချက်ချင်းပြန်သွားခဲ့ပါတယ်” ဟု ထိုစဉ်က ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောပြသည်။
ဒေးဗစ်ကင်မရွန် အရက်ဆိုင်သို့ ပြန်ရောက်သွားချိန်တွင် သမီးလေးမှာ ဆိုင်ဝန်ထမ်းကို ပျော်ရွှင်စွာ ကူညီလုပ်ကိုင်ပေးနေသည်ကို တွေ့ရသည်။
ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောသည်မှာ ကင်မရွန်မိသားစုက ကလေးကျန်ခဲ့မှုအတွက် လုံခြုံရေးအရာရှိများကို အပြစ်မဖို့ခဲ့ဘဲ ၎င်းတို့တွင်သာ တာဝန်ရှိသည်ဟု ခံယူထားကြောင်း ပြောခဲ့သည်။
(ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ အရက်သောက်ခဲ့သော The Plough အရက်ဆိုင်ကို တွေ့ရပုံ)
(ဗြိတိန်ဝန်ကြီးချုပ်တို့ နေထိုင်ရန် ပေးအပ်ထားသော Chequers ကျေးလက်စံအိမ်တော်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A chillax too far: 'Distraught' Dave and Sam Cameron left daughter Nancy, 8, behind in pub for 15 minutes after driving back to Chequers from lunchtime drinks