Ghost ကားတွင် အကြားအမြင်ဆရာမအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဝူပီ ဂိုးလ်ဒ်ဘတ်က လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချမည်
ကမ္ဘာကျော်Ghost ကားတွင် အကြားအမြင်ဆရာမအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဝူပီ ဂိုးလ်ဒ်ဘတ်က လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချရန် ဈေးကွက်တင်လာသည်။
နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့အနောက်ဘက်ရှိ နာမည်ကျော် ပစိဖိတ် ပါလစ်ဆိတ်အရပ်တွင် ဖြစ်သည်။
ပစိဖိတ်ပါလစ်ဆိတ်သည် ကမ္ဘာကျော်ကြယ်ပွင့်များစွာ အခြေချနေထိုင်ကြရာဖြစ်ပြီး အရှေ့ဘက်တွင် ဘရန့်ဝုဒ်အရပ်၊ အနောက်ဘက်တွင် မာလီဘူး၊ အရှေ့တောင်တွင် ဆန်တာမိုနီကာ၊ မြောက်ဘက်တွင် ဆန်တာမိုနီကာတောင်တန်းများ တည်ရှိသည်။
ဝူပီ ဂိုးလ်ဒ်ဘတ်သည် Ghost တွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ၌ ချီးမွမ်းမှုများစွာ ရရှိခဲ့ပြီးနောက် အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုနှင့် BAFTA Award တို့ ရရှိခဲ့သူဖြစ်သည်။
ဝူပီဂိုးလ်ဒ်ဘတ်က သူ၏ လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၇၉၅ သန်း ဈေးခေါ်ထားသည်။
အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်သည့် အဆိုပါနေအိမ်ကို ၁၉၉၃ ခုနှစ်ကတည်းက ဝယ်ယူထားခဲ့ခြင်းဖြစ်သည်။
ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၂ ဒသမ ၅၄၇ သန်းသာ ပေးခဲ့ရရာ ယခုခေါ်ဈေးဖြင့် ရောင်းထွက်လျှင် ကန်ဒေါ်လာ ၆ ဒသမ ၂၄၈ သန်းခန့် မြတ်စွန်းမည် ဖြစ်သည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၇၀၃၉ ခန့်အထိရှိပြီး မော်ဒန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကာ ပစိဖိတ် ပါလစ်ဆိတ်ရှိ ရီဗီရာအရပ်တွင် တည်ရှိသည်။
မူလက ဗြိတိသျှသရုပ်ဆောင် ဒေးဗစ် နီဗန်၏ နေအိမ်ဖြစ်ခဲ့ဖူးသည်။
၁၉၃၃ ခုနှစ်က ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး ဟောလိဝုဒ်ရွှေခေတ်က နေအိမ်တွင်း မွမ်းမံမှုဟန်များဖြစ်သည့် အာ့ထ်ဒက်ကို စိတ်ကူးစိတ်သန်းလက်ရာများကို မူရင်းမပျက်တွေ့ရသည်။
သီးသန့်အိမ်ရာ ဝန်းတစ်ခုအတွင်းတည်ရှိပြီး ခြံဝန်းအတွင်း မေပယ်လ်ပင်များစွာ ပါဝင်သည်။
နေအိမ်တွင်း၌ မီးလင်းဖိုများစွာ ပါဝင်ပြီး ဧည့်ခန်း၊ ညစာစားခန်း၊ မိသားစုနားနေခန်း၊ စာကြည့်တိုက်တို့ ပါဝင်သည်။
ပြန်လည်မွမ်းမံထားသည့် မီးဖိုဆောင်တွင်းမှတစ်ဆင့် ရေကူးကန်ကို တိုက်ရိုက်တွေ့မြင်ရသည့် မြင်ကွင်းရှိသည်။
ခြံဝန်းအတွင်း ဧည့်ဂေဟာတစ်ခုလည်း ပါဝင်ပြီး ဧည့်ဂေဟာတွင် မီးလင်းဖို၊ မီးဖိုဆောင်နှင့် ရေချိုးခန်းတို့ ပါဝင်သည်။
ဝူပီဂိုးဘတ်သည် နယူးဂျာစီပြည်နယ်၊ ဝက်စ်အောရိန်းတွင်လည်း ကန်ဒေါ်လာ ၂ ဒသမ ၈ သန်းဖြင့် ၂၀၀၉ ခုနှစ်အတွင်း နေအိမ်တစ်လုံး ဝယ်ယူထားခဲ့သေးသည်။
ထို့အပြင် နယူးယောက်မြို့၊ မန်ဟက်တန်ရှိ ဆိုဟိုအရပ်တွင်လည်း ကွန်ဒိုတစ်ခန်း ပိုင်ဆိုင်ထားသည်။
ထိုမျှမက ဗားမောင့်ပြည်နယ်တွင်လည်း ဧကပေါင်း ၇၄၅ ဧကကျယ်ဝန်းသော Robinson-Winchester Farm အမည်ရှိ ယာတောခြံကြီးတစ်ခု ပိုင်ဆိုင်ထားသေးသည်။
ဝူပီ ဂိုးဘတ်၏ အမည်ရင်းမှာ ကန်း အယ်လိန်း ဂျွန်ဆင်ဖြစ်ပြီး ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၌ မွေးဖွားသည်။
ရုပ်ရှင်သရုပ်ဆောင်၊ ဟာသလူရွှင်တော်၊ စာရေးဆရာ၊ ရုပ်သံတင်ဆက်သူအဖြစ် ကျင်လည်ခဲ့သည်။
အနုပညာသက်တမ်းတစ်လျှောက် အော်စကာဆု ၁ ခု၊ အင်မီဆု တစ်ခု၊ ဂရမ်မီဆု တစ်ခုနှင့် တိုနီဆုတစ်ခုတို့ ရရှိခဲ့ပြီးဖြစ်သည်။
အော်စကာဆုသမိုင်းတွင် ဒုတိယမြောက် အော်စကာဆုရခဲ့သည့် လူမည်းအမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)