Knowledge | Posted by Si Thu Aung
ကျူးကျော်နေထိုင်သူတွေရှိနေတဲ့ မြေကွက်ကို ဝယ်ယူတော့မယ်ဆိုရင် ဘာတွေဆောင်ရွက်သင့်ပါသလဲ။.... ဆိုတဲ့ မေးခွန်းအပါအဝင် မေးခွန်းသုံးခုကို နှံ့စပ်သေချာစွာ ရှင်းပြပေးထားပါတယ်။
⚖️ မေးခွန်း (၁) - ကျူးကျော်နေထိုင်သူတွေရှိနေတဲ့ မြေကွက်ကို ဝယ်ယူတော့မယ်ဆိုရင် ဘာတွေဆောင်ရွက်သင့်ပါသလဲ။
မြေကွက်၏ မြေပြင်အခြေအနေအား ကြည့်ရှုစစ်ဆေးပြီးမှ ဝယ်ယူသူမှာ စရန်ငွေ ပေးချေသင့်ပါသည်။ ကျူးကျော် သူများ ရှိနေပါက မူလအမည်ပေါက်သာ ကျုးကျော်များအား ဖယ်ရှားခွင့်ရှိပြီး တရားစွဲဆို ဖယ်ရှားခြင်း၊ ညှိနှိုင်းခြင်းတို့ ဆောင်ရွက်နိုင်သောကြောင့် ဝယ်ယူရန်မသင့်ပါ။ မြေကွက်အား ကျူးကျော်ရာတွင် အရှေ့၊အနောက်၊ဘေးဘက် မြေကွက် အစိတ်အပိုင်းသာ ကျုးကျော်နေထိုင်သည်များလဲ ရှိပါသည်။ တချို့ကျူးကျော်များမှာ ပြောင်းရွှေ့စရိတ် ပေးအပ်ပါက ဖယ်ရှားမှုပြုပေးပြီး တချို့မှာ လိုက်နာဆောင်ရွက်ပေးခြင်းမရှိ ညှိနှိုင်းပြောဆိုရာတွင်လဲ အဆင်မပြေသောကြောင့် ရောင်းချသူ တရားလိုမှ တရားစွဲမှု ပြုရသည်လဲရှိပါသည်။ မြေကွက်အား ကြိုက်နှစ်သက်သောကြောင့် စရန်ငွေပေးချေထားမည်ဆိုလျှင်လဲ စရန်ပေးစာချုပ်အား သေချာစွာ ချုပ်ဆိုမှုပြုရပါမည်။
ကျူးကျော်သူအား နှင်လိုမှုမှာ စတင်ကျုးကျော်သည့်နေ့ရက်မှ စည်းကမ်းသတ် ရေတွက်ရမည်ဖြစ်ပါသည်။ အိမ် ငှားအား နှင်လိုမှုတွင် ငှားရမ်းကာလအား ရပ်စဲကြောင်း အကြောင်းကြားစာပေးပို့ရပြီး ကျူးကျော်သူအား နှင်လိုမှုတွင် အကြောင်းကြားစာ ပေးပို့ရန် မလိုပါ။
မြေကွက်အား လက်ရောက်ရလိုကြောင်း စွဲဆိုရာတွင်လဲ ပစ္စည်းတန်ဖိုးအပေါ်တွင် ဇယား - ၁၊ အပိုဒ် - ၁၊ ဇယား-၁၊ အပိုဒ် - ၂ အတိုင်း လက်ဝယ်ရယူလိုခြင်း ထက်ဝက် ၊ ပုဒ်မ-၇ (၅) (င)ပါအတိုင်း ရုံးခွန် ထမ်းဆောင်ရမည်။ မြေကွက်တစ်စိတ်တစ်ဒေသဖြစ်လျှင် ပုဒ်မ- ၇(၅) (ဃ) ပါအတိုင်း ရုံးခွန်အား ထမ်းဆောင်ရပါမည်။
ရောင်းချသူမှ တရားစွဲဆိုရလျှင် မရွှေ့မပြောင်းနိုင်သောပစ္စည်းမှာ ယခင်ကရောင်းချသူ တရားလို၏ လက်ရှိဖြစ်ပြီး တရားလိုမှာ မြေကွက်မှာ ဥပဒေမဲ့ ဖယ်ရှားခြင်းခံရသည့်အတွက် မြေကွက်အား လက်လွတ်ဖြစ်ပါကကာလစည်းကမ်းသတ် (၆)လအတွင်း တရားစွဲဆိုသွားရမည်ဖြစ်ကာ သီးခြားသက်သာခွင့်ဥပဒေပုဒ်မ - ၉ နှင့် သက်ဆိုင်ကြောင်း ဝယ်ယူသူမှသိရှိ ထားရပါမည်။
ရောင်းချသူတရားလိုသည် မြေကွက်အား ပိုင်ဆိုင်ကာ လက်ရှိဖြစ်ပြီး တရားပြိုင်သည် ပိုင်ဆိုင်မှုတစ်စုံတစ်ရာ မရှိပဲ မြေကွက်မှအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ကာ လက်မဲ့ဖြစ်ရပါက ကာလစည်းကမ်းသတ် (၁၂နှစ်)အတွင်း တရားစွဲဆိုရမည်ဖြစ်ကာ သီးခြားသက်သာခွင့်ဥပဒေပုဒ်မ - ၈ နှင့် သက်ဆိုင်ကြောင်း ဝယ်ယူသူမှ သိရှိထားရပါမည်။ ကျူးကျော်နေထိုင်သူများမှာ တချို့လဲ အမွေနှင့်သက်ဆိုင်ကာ ဆိုင်ရေးဆိုင်ခွင့်အရ ဆက်လက် နေထိုင်သူများ ဖြစ်သည်ကိုလဲ အထူး ဂရုပြုသင့်ပါသည်။
အစိုးရမြေအား ကျုးကျော်ခြင်းများတွင်လဲ အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်းဥပဒေပုဒ်မ - ၂၅ (ဃ) အရ ကော် လိတ္တော်အရာရှိ(ခရိုင်အုပ်ချုပ်ရေးမှူး)မှ တရားလိုပြုလုပ်ပြီး အစိုးရမြေအား နှင်ထုတ်နိုင်သည့် အာဏာရှိပါသည်။ အစိုးရမြေအား ကျုးကျော်ရာ၌ နှင်ထုတ်ရာတွင် လိုက်နာခြင်းမရှိပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၁၈၈ အရ တရားစွဲဆိုခြင်း လုပ်ဆောင်သွားနိုင်ပါသည်။ လယ်ယာမြေအား ကျုးကျော်ခြင်းဖြစ်လျှင် လယ်ယာမြေဥပဒေပုဒ်မ - ၃၅ အရ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တရားလိုပြုလုပ်ပြီး တရားစွဲဆိုနိုင်ပါသည်။
ထို့ပြင် ခြံစည်းရိုးအကာအရံအတွင်း ဖျက်ဆီးဝင်ရောက်ကျုးကျော်လျှင် ရောင်းချသူ မြေပိုင်ရှင်ကိုယ်တိုင်သာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၄၇ ၊ ၄၂၇ ဖြင့်လဲ တရားစွဲဆိုခြင်းပြုနိုင်သည်ကို ဝယ်ယူသူမှ သိရှိထားသင့်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။
⚖️ မေးခွန်း (၂) - ကိုယ်စားလှယ်လွှဲစာရသူက အိမ်မြေတိုက်ခန်းကို ရောင်းချလျှင် တရားဝင်ပါသလား။ ကိုယ်စားလှယ်လွှဲသူက သဘောမတူလျှင် အရောင်းအဝယ် ပျက်ပြယ်ပါသလား။
Special Power အထူးကိုယ်စားလှယ်စာ လွှဲအပ်ပေးခြင်းဆိုသည်မှာလဲ အခြားသူတစ်ဦးတစ်ယောက်အား မိမိဆိုင်ရေးဆိုင်ခွင့်ထဲမှ တစ်စုံတစ်ခုအား စီမံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍အကြောင်းကိစ္စရပ် တစ်ခုထဲအတွက် အထူး ကိုယ်စားလှယ်လွှဲစာ လွှဲအပ်ပေးခြင်းပင်ဖြစ်ပါသည်။
General Power အထွေထွေကိုယ် စားလှယ်လွှဲစာဆိုသည်မှာ မိမိကိုယ်စား ဆောင်ရွက်ရန် ကိစ္စအဝဝအား အခြားသူ တစ်ဦးတစ်ယောက်အား အလုံစုံ စီမံခန့်ခွဲပိုင်ခွင့် ပေးအပ်ခြင်းဖြစ်ပါသည်။ General Power အထွေထွေ ကိုယ်စားလှယ်လွှဲစာ လွှဲအပ်မည်ဆိုပါ လွှဲအပ်သူ ကိုယ်တိုင်နှင့် မှတ်ပုံတင်သာလိုအပ်ပါသည်။ ရုံးလုပ်ငန်းကိစ္စရပ်များနှင့် အခြားကိုယ်တိုင်သွားရောက် လက်မှတ်ရေးထိုးရန် လိုအပ်သည့်ကိစ္စရပ်များအား အဆင်ပြေစေရန်အတွက်ဆိုလျှင် အထွေထွေကိုယ်စားလှယ်လွှဲစာ General Power ပေးအပ်ခြင်းပြုနိုင်ပါသည်။ ကိုယ်စားလှယ် ခန့်အပ်ထားရှိရာတွင် တစ်ဦး တစ်ယောက်ထဲအား ခန့်အပ်ထားရှိနိုင်သလို တစ်ဦးထက်ပိုသူများအားလဲ လွှဲအပ်ခြင်းပြုနိုင်ပါသည်။
တရားရုံးများတွင် အမှုကိစ္စများ ဆောင်ရွက်ရာ၌ တရားစွဲဆိုရန်နှင့် ခုခံချေပပြောဆိုရန်အတွက် တရားမကျင့်ထုံး ဥပဒေအမိန့်- ၃၊ နည်း - ၂ အရ ( Notary Public ) Gp/Sp ကိုယ်စားလှယ်လွှဲစာဖြင့် အခြားသူတစ်ဦးဦးအား ခန့်အပ်ထား ရှိနိုင်ပါသည်။
Gp / Sp အား တရားဝင် ပြန်လည်ရုတ်သိမ်းခြင်း မဆောင်ရွက်ပါက ကိုယ်စားလှယ်၏ ဆောင်ရွက်ချက် များမှာ မိမိကိုယ်တိုင်ဆောင်ရွက်သကဲ့သို့ အကျိုးသက်ရောက်ပါသည်။ ကိုယ်စားလှယ်လွှဲအပ်ထားသူမှ မသိရှိဘဲ ဆောင် ရွက်ခွင့်မရှိ ဆိုသော်လည်း ကိုယ်စားလှယ်နှင့် ဆောင်ရွက် လိုခြင်းမပြုတော့ပါက ခွင့်ပြုထားသည့်တာဝန်များကို ပြန်လည် ရုတ်သိမ်းရန် လိုပါသည်။
ယခင်က အိမ်ခြံမြေများ လွှဲအပ်ရောင်းချရာတွင် အမည်ပေါက် ပြောင်းလဲလျှောက်ထားခြင်း ချက်ချင်းဆောင် ရွက်ခြင်း မပြုဘဲ အထူးကိုယ်စားလှယ်လွှဲစာအား စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ရောင်းသူဂရန်အမည်ပေါက်မှ ဝယ်ယူ သူထံ ပေးအပ်ထားသည်များ ရှိပါသည်။
ယခုအချိန်တွင် အိမ်ခြံခြံမြေ အရောင်းအဝယ်များ ဆောင်ရွက်ရာ၌ နောက်ပိုင်းမှ အမည်ပြောင်းဆောင်ရွက်ရန် နှင့် တဆင့်လွှဲပြောင်းရောင်းချနိုင်ရန် Special Power အထူးကိုယ်စားလှယ်စာ လွှဲအပ်ခြင်း မပြုနိုင်တော့သည်ကိုလဲ သိရှိထားသင့်ပါသည်။ ထို့ကြောင့် ကိုယ်စားလှယ်လွှဲစာ ရရှိထားသူမှ လွှဲပြောင်းရောင်းချလျှင်လဲ တရားဝင်ဝယ်ယူသူအမည်ပြောင်း ဆောင်ရွက်၍ရနိုင်မည် မဟုတ်ပါ။
ယခု ရာဖြတ်တင် ရောင်းခွန်၊ ဝယ်ခွန်၊ တံဆိပ်ခေါင်းခွန် မထမ်းဆောင်ဘဲ ရောင်းသူမှ အရောင်းအဝယ် ပြုလုပ် သည့် အိမ်ခြံမြေအတွက် အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ဆောင်ရွက် ခွင့်မရှိတော့ပါ။ ရောင်းသူဝယ်သူ တိုက်ရိုက် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုပြုရန် လိုပြီး ရောင်းသူ ( ဂရန် အမည်ပေါက်) ကွယ်လွန်ပါကလဲ အမွေဆက်ခံသူမှ တရားဝင်အရောင်းအဝယ် ဆောင်ရွက်နိုင်ပါသည်။ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်ဆိုပြီးလျှင်တော့ အမည်ပြောင်း ဆောင်ရွက်ရာ၌ အထူးကိုယ်စားလှယ် လွှဲစာဖြင့် ဆောင် ရွက်ခြင်းပြုနိုင်ပါသည်။
ပဋိဉာဉ်ဥပဒေပုဒ်မ- ၂၀၈ အရ ကိုယ်စားလှယ်လွှဲအပ်စာကို ရုတ်သိမ်းနိုင်ပြီး ကိုယ်စားလှယ်ကဖြစ်စေ၊ အခြားသူ များကဖြစ်စေ ကိုယ်စားလှယ်လွှဲစာ ရုတ်သိမ်းကြောင်းကို မသိရှိလျှင် အတည်မဖြစ်ပါ။ ကိုယ်စားလှယ်လွှဲစာ လွှဲအပ်သူမှ လွှဲအပ်ခြင်းကို လက်မခံသည့်အခါ၊ လွှဲအပ်သူမှ ကိုယ်စာလှယ်လွှဲစာအား ရုတ်သိမ်းလျှင်၊ ကိုယ်စားလှယ်လွှဲအပ်သူနှင့် လွှဲအပ်ခြင်းခံရသူ တစ်ဦးဦး သေဆုံး သည့်အခါ၊ တစ်ဦးဦး ရူးသွပ်သည့်အခါ၊ လူမွဲခံယူရလျှင်၊ အကျဉ်းထောင်ကျလျှင်၊ ကိုယ်စားလှယ် လွှဲအပ်ထားသည့် ကိစ္စရပ်များ ပြီးဆုံးလျှင် ကိုယ်စားလှယ်လွှဲစာ အလိုအလျှောက် ပျက်ပြယ်စေနိုင်မည် ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
⚖️ မေးခွန်း (၃) - စွန့်လွှတ်စာချုပ်အကြောင်းလေး သိပါရစေ။ ဘယ်လိုအခြေအနေမှာ ချုပ်လဲ ဘယ်လောက်ခိုင်မာမှုရှိပါသလဲ။
စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ- ၁၆ အရ တန်ဖိုးငွေတစ်သိန်းနှင့် အထက်ရှိသာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို စွန်လွှတ်စာချုပ်ချုပ်ဆိုပါက မှတ်ပုံမဖြစ်မနေ တင်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။ စွန့်လွှတ် စာချုပ်အား မှတ်ပုံတင်ပါကရက်ပေါင်း(၁၂၀)အတွင်း မှတ်ပုံတင်ရမည်ဖြစ်ကာ မှတ်ပုံတင်ရုံးသို့ အောက်ပါအချက်အလက် များ တင်ပြပေးရမည်။
- စာချုပ်အား ပြည့်စုံစွာ မြန်မာဘာသာဖြင့် ရေးသားရမည်။ (မြန်မာဘာသာဖြင့်မဟုတ်ပါက နိုတြီပဗ္ပလစ်က မှန်ကန် လက်မှတ်ရေးထိုး ဘာသာပြန်ချက်အား ပူးတွဲတင်ပြပေးရမည်။
- ဖျက်ရာ ပြင်ရာရှိလျှင် လက်မှတ်တို ရေးထိုးရမည်။
- ဂရန်မူရင်း၊ မှတ်ပုံတင်စာချုပ်စာတမ်းများ (မြေပိုင်ဆိုင်မှုအထောက်အထားများ တင်ပြပေးရမည်)။
- မရွှေ့မပြောင်းနိုင်ပစ္စည်းအား စွန့်လွှတ်စာချုပ်ဖြစ်ပါက အမျိုးအစား၊ပုံစံ၊အရွယ်အစား၊ တည်နေရာ ဖော်ပြရမည်။
- စွန်လွှတ်စာချုပ်ချုပ်ဆိုရန်အတွက် သက်သေခံမြေပုံ/မြေရာဇဝင်လဲ ပါရှိရမည်။
အချို့ဂရန်များမှာ ပူးတွဲ၍ ၂ / ၃ ဦး အမည်ပေါက် လျှောက်ထားခဲ့ခြင်းများရှိပြီး တစ်ဦးမှ တစ်ဦးထံ လွှဲပြောင်း ရောင်းချလိုလျှင် စွန့်လွှတ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုလိုက်ပါက ကျန်တစ်ဦးထဲထံ ပိုင်ဆိုင်ခွင့် ရောက်ရှိသွားမည်ဖြစ်ပါ သည်။အမွေဆိုင်အချင်းချင်းတွင်လဲ အမွေပစ္စည်းအပေါ်၌ စွန်လွှတ်ခြင်း ဆောင်ရွက်နိုင်ပါသည်။
မိမိဝေစုအား စွန့်လွှတ်လိုက်ပါက မိမိနှင့် ပူးတွဲပိုင်ဆိုင်သူမှာ ပစ္စည်းအား တစ်ဦးထဲပိုင်ဆိုင်သွားမည်ဖြစ်ကာ စွန်လွှတ်ခြင်းဖြင့် အပြီးအပိုင် လွှဲပြောင်းပေးအပ်လိုက်ခြင်းပင်ဖြစ်ပါသည်။ စွန့်လွှတ်မှုပြုသော ပစ္စည်းအား စာချုပ် ချုပ်ဆိုသူမှာ အမှန်တကယ်လွှဲပြောင်း ပေးအပ်ခြင်းရှိမရှိ ကြည့်ရှုရန်လဲ လိုပါသည်။ ပူးတွဲပိုင်ဆိုင်သူများသာ လျှောက်ထား ခြင်းပြုနိုင်သော စွန့်လွှတ်ခြင်း မြေပုံ/ မြေရာဇဝင်အား သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲမှုဌာနတွင် ထုတ်ယူရပါမည်။
စွန့်လွှတ်စာချုပ်မှာ ပူးတွဲပိုင်ဆိုင်သူများကြားတွင် ချုပ်ဆိုခွင့်ရှိသော စာချုပ်ဖြစ်ပါသည်။ မေတ္တာဖြင့် ပေးကမ်း ခြင်းစာချုပ်မှာ အခြားသူတစ်ဦးတစ်ယောက်အားအပြီးအပိုင်ပေးကမ်းရာတွင် ချုပ်ဆိုမှုပြုကြခြင်းဖြစ်ပါသည်။ ပူးတွဲအမည်ပေါက်မဟုတ်ဘဲ မိခင်နှင့် သားသမီးဖြစ်သူတို့မှ စွန့်လွှတ်ခြင်းစာချုပ်ချုပ်ခြင်းမပြုနိုင်ပါ ပေးကမ်းခြင်း၊ အပိုင်ပေး စာချုပ်သာ ချုပ်ဆိုနိုင်ပါသည်။ ကျမ်းကျိန်လွှာဖြင့်လဲ စွန့်လွှတ်ခြင်းကို မဆောင်ရွက်နိုင်ပါ။ လိုအပ်သည့် တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ကြေးများ ထမ်းဆောင်ရမည်ဖြစ်ပါသည်။ စွန့်လွှတ်စာချုပ်နှင့် မေတ္တာဖြင့် ပေးကမ်းခြင်း စာချုပ်အား မှတ်ပုံတင်ဥပဒေပုဒ်မ - ၁၇ (၁) (ခ) အရ မှတ်ပုံတင်စာချုပ်ချုပ်ဆို ထားခြင်းမရှိပါက တရားဝင်မည်မဟုတ် ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com