(၁)။ ဥယျာဉ်ခြံမြေမှာ လယ်ယာမြေဥပဒေပုဒ်မ- ၃(က)အရ ပုံစံ(၇)ထွက်ရှိသော လယ်ယာမြေ အမျိုးအစားထဲတွင် ပါဝင်ပါသည်။ ဥယျာဉ်ခြံမြေအမျိုးအစားမှာ စိုက်ပျိုးမြေအတွက် သတ်မှတ်မြေအမျိုးအစားဖြစ်သောကြောင့် လူနေထိုင် နိုင်သည့် အခွင့်အရေးမရှိပါ။ လူနေထိုင်ရန်အတွက် လျှောက်ထားလိုခြင်း၊ စက်မှုလက်မှု လုပ်ငန်းများအတွက် အသုံးပြုလိုခြင်း၊ အပန်းဖြေစခန်းများ၊ နှစ်ရှည်စီမံကိန်း လုပ်ငန်းဆောင်တာများ ဆောင်ရွက်လိုသည့်အခါ လယ်ယာမြေဥပဒေမှ သတ်မှတ်ချက်များနှင့်အညီ အခြားနည်းသုံးစွဲခွင့် ပြောင်းလဲ လျှောက်ထားမှုပြုရမည်ဖြစ်ပါသည်။
(၂)။ ကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ ရွာမြေ၊ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေ၊ ဂရန်ပေးစီမံချက်မြေ၊ စနစ်တကျမြေကွက် ဖော်ထုတ်ထားသော လူနေရပ်ကွက်အတွင်းရှိ မြေများမှာ လူနေထိုင် ရန် အသုံးပြုနိုင်သော မြေအမျိုးအစားများဖြစ်ပါသည်။ စိုက်ပျိုးမြေ အမျိုးအစားများဖြစ်သည့် လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့်ခြံမြေ၊ မြေနုကျွန်းမြေများမှာ လူနေထိုင်ခွင့် မရှိသော မြေအမျိုးအစားများဖြစ်ပါသည်။
(၃)။ သစ်တောမြေအား ပုဂ္ဂလိက ကျွန်းစိုက်ခင်းနှင့် နှစ်ရှည်စီမံကိန်းအတွက် ငှားရမ်းအသုံးပြုရန် လျှောက်ထား ခြင်းပြုနိုင်ပါသည်။ သစ်တောမြေအား ငှားရမ်းလိုပါက သစ်တောဦးစီးဌာနတွင် ခွင့်ပြုချက် ရယူရပါမည်။ လုပ်ငန်းအစီ အစဉ်အား ရေးဆွဲတင်ပြရန် လိုအပ်ပြီး မူလရည်ရွယ်ချက်များအတိုင်း သတ်မှတ်အချိန်ကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်မှုပြုနိုင်ရပါမည်။
စိုက်ပျိုးကျွန်းပင်များအား နှစ်ရှည်စိုက်ပျိုးရန် နှစ်(၃၀)ထိ မြေငှားရမ်းခြင်းပြုနိုင်ပါသည်။ ဌာနမှ သတ်မှတ်လုပ်ငန်း အာမခံကြေးငွေအားလဲ သစ်တောမြေ ငှားရမ်းလိုသူမှ အာမခံတင်သွင်းနိုင်ရပါမည်။ မြေငှားရမ်း အသုံးပြုသူမှ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုမရှိလျှင် (သို့) အခြားသူ တစ်ဦးတစ်ယောက်အား လွှဲပြောင်း ရောင်းချခြင်း၊ ပေါင်နှံခြင်း ၊ ပေးကမ်း ခြင်းပြုလျှင် သစ်တောဌာနမှ ခွင့်ပြုချက်အား ပြန်လည်ရုတ်သိမ်းခြင်း ပြုမည်ဖြစ်ကြောင်း ဖြေဆိုပေးလိုက်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့