တစ်ခုလောက်အကူအညီတောင်းချင်လို့ပါ။ 3B မြေကွက်ဝယ်မလို့ ဘာတွေစစ်ရမလဲမသိလို့ပါ။ စာရွက်စာတမ်း ကမှန်မမှန် ဘယ်လိုစစ်ရမလဲခင်ဗျ။ ပြီးတော့ ဘာတွေတောင်းယူထားရမလဲစာချုပ်ချုပ်ရင် နောက်ပြီး ဂရန်မြေ လျောက်လို့ရနိုင်မလားသိချင်လို့ပါ။
မေးသူ - Pyae Phyo Kyaw ၃(ခ)ဆိုတဲ့မြေကို ရှေးဦးစွာ ရှင်းပြပါမယ်။ ၁၉၅၃ ခုနှစ် ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃ (ခ)အရ အကျုံးမ၀င်သောမြေကိုဆိုလိုပြီး ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပြဌာန်းပြီး ၁၉၅၃ ခုနှစ် ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေကို ရုပ်သိမ်းလိုက်သောကြောင့် ယခုအခါ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ ကင်လွတ်ခွင့်ပြုတာဖြစ်တဲ့အတွက် ၃(က)လို့ ပြောင်းလဲခေါ်ဆိုရပါမည်။
အရပ်အခေါ် ၃(က)ဆိုတာ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမ၀င်ကြောင်း ၀န်ခံချက်လက်မှတ် Certificateထုတ်ပေးခြင်းဖြစ်ပါတယ်။ ၃(က)လက်မှတ် ထုတ်ပေးခြင်းသည် အိမ်ရာမြေသတ်မှတ်ပေးခြင်းသာဖြစ်ပါသည်။
ယခု (၂၀၁၂)လယ်ယာမြေဥပဒေ ပုဒ်မ ၃(က)အရ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အဦနှင့် ပရိဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံး မပြုသောမြေများ မပါဝင် ဟူသော စကားရပ်အရဆိုပါက လယ်ယာမြေမှ ကင်းလွတ် ကြောင်း ၀န်ခံချက်လက်မှတ်ကို ၃(က) လို့သုံးရမှာ ဖြစ်ပါတယ်။
သို့သော် ၃(က) Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ထို့ကြောင့် ၃(က)မြေကို ၀ယ်ယူမည်ဆိုလျှင် အဆိုပါသက်သေခံလက်မှတ်ကို စစ်ဆေးယူရမှာ ဖြစ်ပါတယ်။ အဆိုပါ သက်သေခံလက်မှတ်မှန်ကံခြင်းရှိ/မရှိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းဆိုလျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန တွင် စစ်ဆေးနိုင်ပါတယ်။ ၀ယ်ယူတဲ့အခါတွင် အရောင်းအ၀ယ်စာချုပ်အဆက်ဆက်ကို စစ်ဆေးရယူဖို့ လိုပါတယ်။ ၃(က)မြေကို ၀ယ်ယူသူသည်မှတ်ပုံတင်စာချုပ်ဖြင့် ၀ယ်ယူရမှာဖြစ်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ၀ယ်ခွန်၊ တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ခများကို ပေးသွင်းရမှာဖြစ်ပါတယ်။ အဆိုပါမှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်ကို တင်ပြပြီး ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမ၀င်ကြောင်း ၀န်ခံချက်လက်မှတ် Certificate တွင် ၀ယ်ယူသူအမည်သို့ အမည်ပြောင်း လျှောက်ထားရမှာဖြစ်ပါသည်။ အထက်ပါနည်းလမ်းအတိုင်းဝယ်ယူဆောင်ရွက်မည်ဆိုလျှင် တရားဝင်ပိုင်ဆိုင်မှုခိုင်မာမည်ဖြစ်ကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.