Local Property News | Posted by Shwe Zin Win
လက်ရှိအချိန်၌ သီလဝါ အထူးစီးပွားရေးဇုန်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီများ၏ ဈေးကွက် အခြေအနေမှာ ပြည်တွင်းဈေးကွက် ဦးစားပေးစက်မှု လုပ်ငန်းမှာ ရာခိုင်နှုန်း ၆၀ ရှိပြီး ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်း ရာခိုင်နှုန်း ၄၀ ရှိကာ ပြည်တွင်း ဈေးကွက်အတွက် အဓိက ထုတ်လုပ်သည့်လုပ်ငန်း ပိုမိုများပြားလာကြောင်း သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးစီမံကိန်း၏ ပင်မအဖွဲ့ဖြစ်သည့် မြန်မာသီလဝါအက် (စ်) အီးဇက်ဟိုးဒင်း ပတ်ဘလစ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် ဈေးကွက်အရကြည့်လျှင် ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်း ၃၆ ကုမ္ပဏီ၊ ပြည်တွင်းဈေးကွက် ဦးစားပေးစက်မှုလုပ်ငန်း (၆၀) ကုမ္ပဏီနှင့် အခြားကုမ္ပဏီ တစ်ခုတို့ဖြစ်ကြသည်။
ကနဦးတွင် ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်း ရာခိုင်နှုန်း ၇၀၊ ပြည်တွင်းဈေးကွက်ဦးစားပေးစက်မှုလုပ်ငန်း ရာခိုင်နှုန်း ၃၀ ဟူ၍ ခန့်မှန်းခဲ့သော်လည်း လက်ရှိအချိန်တွင် ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းရာခိုင်နှုန်း ၄၀၊ ပြည်တွင်းဈေးကွက်ဦးစားပေး စက်မှုလုပ်ငန်းမှာ ရာခိုင်နှုန်း ၆၀ ဟူ၍ ပြည်တွင်းဈေးကွက် ဦးစားပေး စက်မှုလုပ်ငန်း၏ ရာခိုင်နှုန်းက ပိုများခဲ့ကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှုစွမ်းရည်မလုံလောက်မှုကို ဖော်ပြနေခြင်းပင်ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ပါဝင်ကြသည့် ကုမ္ပဏီများကို ဇုန်ကြီးနှစ်ပိုင်းခွဲခြားနိုင်ကြောင်း၊ ပထမတစ်ပိုင်းမှာ ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်း (ကုန်ပစ္စည်း၏ ၇၅ ရာခိုင်နှုန်း)ကို ပြည်ပသို့တင်ပို့ခြင်းဖြစ်ပြီး ကုန်ပစ္စည်း၏ ရာခိုင်နှုန်း ၈၀ ကျော်ကို Free Zone အတွင်းရှိ ပို့ကုန်စီးပွားရေး လုပ်ငန်းသို့ ရောင်းချခြင်းကို ဆိုလိုပြီး ၎င်းကို Free Zone ဟူ၍ ခွဲခြားနိုင်ကြောင်းသိရသည်။ နောက်တစ်ပိုင်းမှာ ပြည်တွင်းဈေးကွက်ဦးစားပေးစက်မှုလုပ်ငန်းဖြစ်ပြီး ၎င်းကို Promotion Zone ဟူ၍ ခွဲခြားနိုင်သည်။
အဆိုပါ ဇုန်နှစ်ပိုင်းစလုံး၏ မြေနေရာ သုံးစွဲငှားရမ်းခွင့်ကာလမှာ အများဆုံး ၇၅ နှစ်ဖြစ်ပြီး အခွန်ကင်းလွတ်ခွင့် စသည့်ခံစားခွင့်များမှာ ဥပမာအားဖြင့် Free Zone အတွင်းဖြစ်ပါက အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ဖြစ်ကာ Promotion Zone အတွင်းဖြစ်ပါက ငါးနှစ်ဖြစ်သည့်အတွက် Free Zone အပိုင်းသည် ပိုမိုအကျိုးခံစားခွင့် ရှရိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ အထူးစီးပွားရေးဇုန်သုံးခုအနက် သီလဝါအထူးစီးပွားရေးဇုန်သည် စီးပွားရေး အခွင့်အလမ်းကောင်းများစွာရှိပြီး အချက်အချာကျသည့်အတွက် ပုံမှန်တိုးတက်မှုရှိနေပြီး ဇုန်အတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံ၊ ကုမ္ပဏီပေါင်း ၁၀၈ ခုအထိ ရင်းနှီးမြှုပ်နှံထားလျက်ရှိကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
Credit: Eleven Media Group