Local Property News | Posted by Hnin Ei Khin
မြို့တော်ခန်းမရှိ ပြည်သူ့ဝန်ဆောင်မှု ဌာနများကိုသာ ပြောင်းရွှေ့မည်ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် ကျန်ဌာနများကို မူလအတိုင်းထားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်း က ပြောကြားသည်။
“ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီက ပြောင်းရွှေ့မှာမဟုတ်ဘူး။ ပြည်သူ့ ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ မြို့ပြ၊ မြေဝန်ဆောင်မှုတွေ ရှိတယ်။ အဆောက်အအုံနဲ့ ပတ်သက်လို့ ဝန်ဆောင်မှုတွေရှိတယ်။ အများပြည်သူက မြို့တော်ခန်းမကိုပဲ စုပြီး လာနေရလို့ လမ်းတွေ ကြပ်တယ်။ ဒီမြို့တော်ခန်းမကြီးမှာ လူစုလူဝေးတွေ ဖြစ်တယ်။ One Stop Service လုပ်ပေးချင်သော်လည်းပဲ ဒီမှာ တိုးဝှေ့ပြီးတော့ ဆောင်ရွက်နေရတဲ့အတွက် လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် ဝန်ဆောင်မှု ဌာနတွေကို အပြင်ကို ရွှေ့မှာ ဖြစ်တယ်” ဟု ဦးသန်းက ပြောကြားသည်။
မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ စီမံရေးရာဌာနနှင့် ဘတ်ဂျက်ရေးရာ ဌာနများကို မူလအတိုင်း ဆက်လက်ထားရှိမည် ဖြစ်ကြောင်း သိရသည်။
“ ၄၆ လမ်းက လေမှုတ်ထုတ်စက်ရုံနားမှာ မြေအပိုရှိတယ်။ အဲဒီမှာ အဆောက်အအုံဆောက်ဖို့ စီစဉ်ထားတယ်။ အဲဒါက မှတ်တမ်းရုံးထားဖို့ မြို့တော်ခန်းမမှာရှိတဲ့ အမှုခန်းက တန် ၇၀ ပဲခံနိုင်အားရှိတယ်။ အမှုတွဲတွေက တန် ၇၀ ထက်မကဘူး ရှိနေတယ်။ အဲဒီအတွက်ကြောင့် မှတ်တမ်းရုံးဆောက်ရင်းနဲ့ နောက်ဌာနတစ်ခုရမလား နှစ်ခုရမလား အဲဒီ မှာထည့်မှာ။ နောက်တစ်ခုက Time City ဆောက်နေတယ်။ အဲဒီအဆောက်အအုံကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြန်ရမယ့် အချိုးအစား တစ်ခုရှိတယ်။ အဲဒီမှာလည်း ပြောင်းသင့်တဲ့ ဌာနတွေပြောင်းဖို့ရှိတယ်။ လတ်တလော မဟုတ်သေးပါဘူး။ ရေရှည်အတွက်ပြောင်းဖို့ ရှိပါတယ်” ဟု ဦးသန်းက ပြောကြားသည်။
ဗိုလ်တထောင်မြို့နယ် ရှိ လေမှုတ်ထုတ် စက်ရုံဝင်းအတွင်း မှတ်တမ်းဌာနတစ်ခု တည်ဆောက်ရန်အတွက် ကျပ်ဘီလျံ ၃၀ နီးပါး အကုန်အကျခံတည်ဆောက်ရန် မလိုအပ်ကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။
“ အခုခေတ်မှာ ဒစ်ဂျစ်တယ်စနစ်ကို အကုန်ပြောင်းနေကြပြီ၊ သေးသေးမွှားမွှားနဲ့ အကုန်သိမ်းနိုင်တဲ့ခေတ်ရောက်နေပြီ။ အဆောက်အအုံကြီးထဲမှာ စာရွက်စာတမ်းတွေနဲ့ သိမ်းတဲ့ခေတ်မှ မဟုတ်တော့တာ။ ကျွန်တော်တို့ ကိုယ်တိုင် E- Government ကို ပြောင်းနေတယ် ပြောနေတာ။ မှတ်တမ်းထိန်းသိမ်းဖို့ အဆောက်အအုံအတွက် ကျပ်ဘီလျံ ၃၀ နီးပါး သုံးတယ်ဆိုတာက လုံးဝအဓိပ္ပာယ်မရှိဘူး” ဟု ဦးရန်ရှင်းက ပြောကြားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့် ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ကော်မတီ၏ ငွေကြေးဆိုင်ရာ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဗိုလ်တထောင်မြို့နယ် ၄၆ လမ်း လေမှုတ်စက်ဝင်းတွင် မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံတည်ဆောက်ခြင်းအား ယခုနှစ်တွင် ကျပ်သန်း ၇၀၀၀ တောင်းခံထားခြင်းသည် On Going Process အရ တောင်းခံခြင်း ဖြစ်သော်လည်း အသေးစိတ် တွက်ချက်မှု တင်ပြရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
Credit: Eleven Media Group