Local Property News | Posted by Aye Myat Thu
ဒလမြို့နယ် အတွင်း တာဝန်ရှိသူများပါ ပါဝင်ကျူးကျော်ထားသည့် ကျူးကျော်အိမ်များ ဖျက်သိမ်းပေးရန် တာဝန်ရှိသူများက အကြိမ် ကြိမ်သတိပေးသော်လည်း ထပ်မံကျူးကျော်နေ ကြောင်း ဒလမြို့နယ် အင်န်အယ်လ်ဒီ အလုပ် အမှုဆောင် ဦးသောင်းထွန်းက မေ ၂၇ ရက် တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရဲချောင်း ကျေးရွာအတွင်းရှိ ချောင်းကောမြေဖြစ်သည့် လယ်မြေပေါ်တွင် စည်းကမ်းမဲ့ဝင်ရောက် ဆောက်လုပ်သည့် ကျူးကျော်တဲ ၅၉ လုံးကို ပြန်ဖျက်ပေးရန် တာဝန်ရှိသူများက အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း ဖျက်သိမ်းပေးခြင်းမရှိဘဲ ယခုအချိန်တွင် ထပ်မံ၍ကျူးကျော် အိမ် ၁၃ လုံးတိုးလာကြောင်း ၎င်းက ဆက် လက်ပြောဆိုသည်။
" ကျွန်တော်တို့အင်န်အယ်လ်ဒီရုံးက ဒေသခံတစ်ဦး ဓာတ်ပုံအချက်အလက်နဲ့ ထပ်မံတားပေးဖို့ လာပြောပါတယ်။ ကျွန်တော်တို့ကလည်း သက်ဆိုင်ရာကို အကြောင်းကြားပေးထားပါတယ်။ ဒါကို သက်ဆိုင်ရာက ဆက်လက်ဆောင်ရွက်သွားပါလိမ့်မယ်"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
စီးပွားဖြစ်ကျူးကျော်
အဆိုပါကျူးကျော်တဲများကို ဧပြီ ၁၇ ရက် မှစ၍ ဧပြီ ၂၄ ရက်အထိ ည ၁၂ နာရီ အချိန် ခန့်မှစ၍ ညတွင်းချင်း အပြီးဆောက်လုပ်ခြင်း ဖြစ်ကြောင်း၊ ဆောက်လုပ်သူများမှာလည်း ရဲချောင်းဝရွာသားများပင်ဖြစ်ကာ အိမ်ပိုင်ဆိုင်သူများဖြစ်ကြောင်း၊ အချို့ဆိုလျှင် ကျုးကျော်တဲ ဆောက်လုပ်ပြီး ဈေးဆိုင်ခန်းများပင်ထိုးထားကာ စီးပွားဖြစ်ကျူးကျော်လျက်ရှိကြောင်း ဒေသခံ ဦးတင်မောင်လွင်က ပြောဆိုသည်။
"မဖျက်ပေးဘူးတဲ့။ သူတို့ကို ဆောက်ခိုင်းထားတာ၊ ရာအိမ်မှူးတွေ၊ ရပ်မိရပ်ဖတွေက ဆောက်ခိုင်းထားတာတဲ့။ မဖျက်ပေးနိုင်ဘူးလို့ ပြောတယ်။ တချို့က ကျူးကျော်အိမ်တွေကို ပိတ်ထားပြီး ရွာထဲက အိမ်တွေမှာ ပြန်နေကြ တယ်"ဟု ၎င်းက ပြောဆိုသည်။
ဒလမြို့နယ် အတွင်း တာဝန်ရှိသူများပါပါဝင်ကျူးကျော်ထားသည့် စည်းကမ်းမဲ့ကျူးကျော် အိမ်များ ဖျက်သိမ်းခြင်းမရှိပါက တရားစွဲဆို ဖယ်ရှားမည်ဖြစ်ကြောင်း ဒလမြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည် က မေ၂၅ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုခဲ့သည်။
အခွင့်အရေးထပ်ယူ
"နေစရာမရှိလို့ ကျူးတယ်ဆိုရင် မပြော ဘူး။ အခုက ဒလကတာဝန်ရှိသူတွေကိုစိန်ခေါ်သလိုဖြစ်နေတယ်။ ရွာထဲမှာ အိမ်ကြီးအိမ်ကောင်းတွေနဲ့နေထိုင်နေပြီး အခုက အခွင့် အရေးထပ်ယူ ကျူးနေကြတယ်။ တာဝန်ရှိသူ တွေ အကြိမ်ကြိမ်တားနေတာကို အခုလိုထပ် ကျူးနေတာက ရိုးသားမှုမရှိဘူးလို့ထင်တယ်။ ရည်ရွယ်ချက်ရှိရှိ ကျူးများကို ထိထိရောက်ရောက် အရေးယူပေးဖို့လိုပါတယ်"ဟု ဒလ မြို့နယ် ဖွံ့ဖြိုးတိုးတက်စေချင်သူများ ကွန်ရက်မှ ဦးခေကြီးက ပြောဆိုသည်။
Credit: The Myamar Times