Knowledge | Posted by Hnin Ei Khin
“ အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်တွေ မကောင်းဘူးနော် ” လို့ အများက ထင်ကြပေမယ့် ထင်သလောက် မကောင်းတာ မဟုတ်ပါဘူး။မောင်ကောင်းဖေနဲ့ တွေ့ခဲ့ရတဲ့ ရန်ကုန်မြို့တွင်းက အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတွေကတော့ မကြာခဏ ပွဲဖြစ်နေကြလို့ ပျော်တပြုံးပြုံး ဖြစ်နေကြတာကို တွေ့ရပါတယ်။
မနေ့ကပဲ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ မန္တလေးလမ်းမှာ “ မောင်ကောင်းဖေ” ရဲ့ မိတ်ဆွေတစ်ဦးက ကွန်ဒိုတိုက်ခန်း ဝယ်ပါတယ်။ ဝယ်တဲ့အခါ ရောင်းသူဘက်က အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီက ဝန်ထမ်း (၃)ဦးလောက်က ကူညီပေးတာကို တွေ့ရပါတယ်။ ဒီကွန်ဒိုဝယ်ဖြစ်တာလည်း အကျိုးဆောင်ကုမ္ပဏီက ကြော်ငြာပေးလို့ ရောင်းထွက်တာဖြစ်တော့ ပွဲစားခယူဖို့ အကူအညီပေးနေတာလည်း ဖြစ်နိုင်ပါတယ်။
ကွန်ဒိုတိုက်ခန်း ဝယ်တဲ့အခါ ၂ ကြိမ်နဲ့မရအလီလီခွဲပေးကြ
ကွန်ဒိုတိုက်ခန်းဆိုတော့လည်း တန်ဖိုးက သိန်းနှစ်ထောင်ကျော်တယ်လေ။ အဲင်္ဒိတော့ ပထမစရန်ငွေတစ်ကြိမ် ၊ ဒုတိယ အရစ် စရန်ပေးတစ်ကြိမ်နဲ့ နောက်ဆုံးဖိုင်နယ် အပြီးအပိုင် အရောင်းအဝယ် စာချုပ်ချုပ်တာနဲ့ဆိုရင် (၃)ကြိမ်စာချုပ်ပေးရတယ်လေ။ ရှေ့နေလည်း မသက်သာလှပါဘူးဗျာ။ ယခုတလော တိုက်ခန်းအရောင်းအဝယ်တွေ လုပ်ကြတဲ့အခါမှာ အဲဒီလို အလီလီ ခွဲပေးတာတွေ ခေတ်စားလာတယ်ဗျာ။
မောင်ကောင်းဖေလည်း အပြီးအပိုင်စာချုပ်ချုပ်ပြီးတဲ့အခါ ကျရင် ဝယ်သူတွေကို (၃)ကြိမ်ပေးတဲ့ ကိစ္စ ရှင်းပြပါလို့ မေးယူရတယ်။ ရှေ့နေတွေ နားလည်းထားတာကတော့ ပမထအကြိမ် စရန်ပေးစာချုပ်ချုပ်မယ်ဗျာ။ စရန်ပေးပြီးတဲ့နောက် ရောင်းသူထံက တိုက်ခန်းနဲ့ သက်ဆိုင်တဲ့ စာချုပ်စာတမ်းမူရင်တွေ စစ်ဆေးကြည့်ပြီး မိတ္တူတွေ တောင်းခဲ့မယ်။ပြီးတော့ အရှုပ်အရှင်း ရှိမရှိနဲ့ ကန့်ကွက်သူရှိမရှိ ကြေးမုံသတင်းစာနဲ့ မြန်မာ့အလင်းသတင်းစာမှာ ကြော်ငြာထည့်မယ်ပေါ့ဗျာ။ (၁၄)ရက်ပြည့်လို့ ကန့်ကွက်သူမရှိရင် ဒါဟာအရှုပ်အရှင်းကင်းတယ်လို့ ယုံကြည်ရတာပေါ့။ ဒါဆိုရင် အပြီးငွေချေမယ်နေ့ကို (၁)ရက်လောက်ပဲ သတ်မှတ်ပြီး တစ်လပြည့်တဲ့နေ့မှာ အပြီးငွေချေလိုက်တာနဲ့ ရောင်းသူထံက အခန်းသော့ကို လက်ခံလိုက်ရင် အရောင်းအဝယ်ကိစ္စပြီးပြီပဲလို့ ဒီလိုပဲ ယေဘုယျနားလည်လက်ခံထားတာပဲ။
ဘဏ်တိုးရပြီးမှ ငွေချေးကြတဲ့ အလေ့အထတစ်ခုပေါ်လာ
အခုကွန်ဒိုတိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါကျမှပဲ (၃)ရစ်ခွဲပေးမယ်ဆိုတာကို ရောင်းသူကလည်း လက်ခံတယ်။ ဝယ်သူက ပထမစရန်ကို သိန်း (၂၀၀)လောက်ပေးတယ်။ ဒုတိယအရစ်သိန်း (၁၅၀)လောက်ကို အင်္ဂလိပ်လဆန်း (၇)ရက်နေ့လောက်မှ ပေးတယ်။နောက်ဆုံးကျန်ငွေချေတော့လည်း အဲဒီရက်လောက်မှ ပေးတာကို တွေ့ရတယ်။အဲဒီလို ပေးရခြင်းအကြောင်းကိုက သိန်းနှစ်ထောင်အတွက် ဘဏ်တိုးက တစ်လ ၈.၅% ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် ဘဏ်တိုးတွေ ပိုတွက်လာတာကို တွက်ပြတယ်။ သြော် … အဲဒီတော့မှ (၃)ရစ်ပေးခြင်းအကြောင်းကို သဘောပေါက်သွားတော့တယ်။
အဲဒီလို မသိခင် “ မောင်ကောင်းဖေ” တစ်ယောက်တည်း စဉ်းစားတယ်။ အခုဝယ်တဲ့ ကွန်ဒိုတိုက်ခန်း ရောင်းသူတွေက ပထမဆုံး အမည်ပေါက်တွေလည်း ဖြစ်တယ် ။ (ပထဆုံး အမည်ပေါက်ဆိုတာက မြေရှင်/ကန်ထရိုက်တာထံက ကြိုပ္ပိုင့်နဲ့ ဝယ်ထားတဲ့သူကို ပြောတာပါ။) မြေရှင်/ကန်ထရိုက်တာနဲ့ ကြိုပ္ပိုင့်ထားတဲ့ စာချုပ်ကို ပြတယ်။ အရစ်ကျပေးသွားထားတဲ့ ငွေရပြေစာတွေပြတယ်။ အခန်းတွင်းမှာ အခန်းဖွဲ့ထားတဲ့၊ အလှဆင်ထားတဲ့ သဘောတူညီချက် ငွေပေးငွေယူစာချုပ်တွေ ပြတယ်။ နောက်ဆုံး အဆောက်အအုံ ပြီးစီးကြောင်း ထုတ်ပေးထားတဲ့ BCC လူနေခွင့် လက်မှတ်တွေလည်း ထုတ်ပြတယ်ဗျာ။ ဒါဆိုရင် တိုက်ခန်းတစ်ခန်းရဲ့ ပိုင်ဆိုင်မှုတွေ စုံပြီလို့ ပြောနိုင်တာပေါ့။
အဲဒီလို စာရွက်စာတမ်းတွေ စုံနေရင်လည်း လကုန်ရင် ရလာမယ့် ဘဏ်တိုးကိုလည်း ယူထားလိုက်ချင်သေးတော့ (၃)ရစ်ခွဲပေးတယ်ဆိုတာကို သဘောပေါက်သွားခဲ့ပါတယ်။ ဒီလို ရောင်းသူဝယ်သူတွေရဲ့ သဘောမနောကို သိထားကြတဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီက ဝန်ထမ်းတွေကလည်း အပြုံးမပျက်ဘူး။အရောင်းအဝယ်စာချုပ်တိုင်း သူတို့အမြဲရောက်လာကြတယ်။ ဒီလိုတန်ဖိုးကြီး တိုက်ခန်းတွေ အရောင်းအဝယ်လုပ်ရင် ဒီလို အလီလီခွဲပေးတဲ့ အတွေ့အကြုံတွေ ရှိထားလို့ သူတို့သဘောကောင်းကြတာ ထင်ပါရဲ့လို့ တွေးမိပါတယ်။
အကျိုးဆောင်ကုမ္ပဏီတွေ အလုပ်ဖြစ်တဲ့ ဒီနှစ်
ဒီတစ်လအတွင်းမှာ မောင်ကောင်းဖေ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ (၃)ခု လောက်နဲ့ချိတ်ဆက်ပြီး အရောင်းအဝယ်စာချုပ်ချုပ်ပေးဖူးပါတယ်။ အဲဒီလို အကျိုးဆောင်ကုမ္ပဏီဝန်ထမ်းတွေနဲ့အတူ စာချုပ်တဲ့အခါတိုင်း သူတို့ကို ကြည့်ရတာ အေးအေးချမ်းချမ်း ထိုင်စောင့်ပေးချင်တာမတွေ့ရဘူး။ နောက်တစ်ဦး ဝယ်သူပေါ်လာလို့ ဝယ်သူလွတ်သွားမှာစိုးလို့ စာချုပ်ဆဲ တန်းလမ်းမှာပဲ “ ရှေ့နေကြီးရယ် ကျွန်တော့်ကို ခွင့်ပြုပါဦး ၊ အလုပ်ကလေး ပေါ်လာလို့ ရုံးခန်းကို ပြန်လိုက်ပါဦးမယ် ” ဆိုပြီး တာဝန်ခံဆိုသူတွေက နှုတ်ဆက်ပြီး ပြန်သွားကြတာကို တွေ့ရတယ်။
ဒီလိုအိမ်ခြံမြေအကျိုးဆောင်တွေ အလုပ်ရှုပ်နေတာကို ကြည့်ရခြင်းအားဖြင့် အိမ်ခြံမြေတိုက်ခန်းအရောင်းအဝယ်တွေဖြစ်နေတယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ အဲဒီကွန်ဒိုအရောင်းအဝယ်စာချုပ်ပေးတဲ့ ပွဲမှာ စကားစပ်မိလို့ ရောင်းသူဘက်က ပါလာတဲ့ အကျိုးဆောင်တာဝန်ခံတစ်ဦးကို ယနေ့အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်အခြေအနေကို မေးမြန်းကြည့်တဲ့အခါ “ အိမ်ခြံမြေအရောင်းအဝယ်ထက် တိုက်ခန်းဝယ်လိုသူတွေ များလာတယ် ” လို့ ပြောပါတယ်။
မောင်ကောင်းဖေ ထိုကွန်ဒိုတိုက်ခန်းအရောင်းအဝယ်စာချုပ်အပြီးမှာတော့ အဆိုပါ အကျိုးဆောင်သူဟာလည်း နောက်ဝယ်သူတစ်ဦးက ဖုန်းဆက်လာလို့ ကျွန်ုပ်တို့ကို နှုတ်ဆက်ပြီး အစောတလျင် ထွက်ခွာသွားပါတော့တယ်။
ရောင်းသူဝယ်သူအဆင်ပြေအကျိုးဆောင်ကုမ္ပဏီတွေလည်း ပွဲခဏခဏ ဖြစ်ကြပါစေ
Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ