Local Property News | Posted by Si Thu Aung
ရန်ကုန်တိုင်းဒေသကြီး အတွင်း ဦးစားပေးစီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအား ရန်ကုန်စီမံကိန်းဘဏ် (Yangon Project Bank) တွင် ထည့်သွင်းထားကာ လာမည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွက် အဓိကကျသည့် ဦးစားပေးစီမံကိန်းပေါင်း ၈၀ ပါဝင်သည့် Yangon Project Bank ကို မေ ၁၀ ရက်က ကျင်းပသည့် Yangon Investment Forum အခမ်းအနားတွင် ထုတ်ပြန်လိုက်သည်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းပေါင်း ၈၀ ပါဝင်တဲ့ Yangon Project Bank ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
အဆိုပါ Yangon Project Bank တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်မည့် လမ်းပန်းဆက်သွယ်ရေး၊ အိမ်ရာဖွံ့ဖြိုးရေးနှင့် စက်မှုဇုန်စီမံကိန်းများ အပါအဝင် စီမံကိန်း ၁၁ ခု ပါဝင်ပြီး ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက Public ၊ Private ၊ Partnership (PPP) စနစ်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းတွင် စုစုပေါင်းအရှည်မှာ ၄၇ ဒသမ ၅ ကီလိုမီတာ ဖြစ်သည်။ Phase 1 အဖြစ် အရှေ့ဘက်ခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့် အနောက်ချိတ်ဆက်ထားသော လေးလမ်းသွား ခြောက်ကီလိုမီတာ၊ ရန်ကုန် အပြည်ပြည်ဆိုင်လေဆိပ်သို့ ဆက်သွားထားသည့် နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာ စုစုပေါင်းအရှည် ၂၇ ဒသမ ၅ ကီလိုမီတာရှိကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် စတင်တည်ဆောက်ရန် ရည်မှန်းထားပြီး သုံးနှစ်အတွင်း ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါစီမံကိန်းဆောင်ရွက်ခြင်းအားဖြင့် ရန်ကုန်မြို့တွင်း၌ တွေ့ကြုံနေရသော ယာဉ်ကြောပိတ်ဆို့မှုပြဿနာများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
Credit: Eleven Media Group