Local Property News | Posted by Si Thu Aung
ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ ရပ်နားကြတဲ့ ယာဉ်တွေ စနစ်တကျရပ်နားလို့ရအောင် လမ်းတွေအောက်မှာ Smart Car Parking များတည်ဆောက်သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။
မေလ ၅ ရက်က ပန်းဆိုးတန်းမှာ ပြုလုပ်တဲ့ Yangon Weekend Market ဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ ရဲ့ ယာဉ်ကြောပိတ်ဆို့မှုမှာ လမ်းမတွေပေါ် ရပ်နားထားတဲ့ ယာဉ်တွေကြောင့် ဖြစ်ပြီး ကားပါကင်မှာ စနစ်တကျထားလို့ရအောင် စီစဉ်ပေးနိုင်ပါက ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
“ ရန်ကုန်ရဲ့ မြို့ပြနေရာတွေ မရှိတော့ပါဘူး။ လမ်းတွေရှိပါသေးတယ်။ ဒီလမ်းတွေရဲ့အောက်မှာ ကားထားနိုင်လို့ရအောင် ဖန်တီးလို့ရနိုင်ပါတယ်။ ဒီနေရာမှာ သွားထားမယ့်ကားတွေအတွက် စရိတ်ကတော့ ကြီးမှာ ဖြစ်ပါတယ်။ မြို့နယ်တွေမှာ Smart Car Parking တွေ လုပ်ဖို့စတင်နေပါပြီ။ “ လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ကားပါကင်တွေ စနစ်တကျ ထားပေးမယ်ဆိုရင် ပြည်သူတွေက ဘယ်လောက်ထိ လိုက်နာနိုင်မလဲ ဆိုတာတွေ၊ ကားပါကင်ကြေးကိုလည်း ပြည်သူတွေ ပေးဆောင်နိုင်တဲ့ နှုန်းထားဖြစ်အောင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူတွေ၊ ဒေသခံတွေ ပူးပေါင်းပြီး ဆောင်ရွက်မယ်လို့လည်း ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။
“ ကားတစ်စီးကို ပါကင်ထဲမှာ ထားမယ်ဆိုရင် ၃၀၀၀၊ ၄၀၀၀ ၊ ၅၀၀၀ ကောက်မယ်ဆိုရင် လိုက်နိုင်ပါ့မလား။ နာရီနဲ့ကောက်မယ်ဆိုရင်ရော အဆင်ပြေနိုင်ပါ့မလား။ ဒါတွေအားလုံးကို ကျွန်တော်တို့ စနစ်တကျ ဆောင်ရွက်ဖို့ လိုပါတယ်။ အခြေအနေတိုင်းကို ချိန်ဆဆောင်ရွက်နေရပါတယ်။ ဘယ်အဆင့်လောက်ဆို ပြည်သူတွေ လိုက်နိုင်မလဲဆိုတာ စနစ်တကျဖြေရှင်းဆောင်ရွက်ပါမယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အဆိုပါ ကားပါကင်တွေ ဆောက်လုပ်နိုင်ဖို့ အတွက် ရန်ကုန်တိုင်းအစိုးရအနေနဲ့ စိတ်ဝင်စားတဲ့သူတွေအတွက် တင်ဒ်ါခေါ်ယူဆောင်ရွက်လို့ရပေမယ့် ပြည်သူတွေအနေနဲ့ အဆင်ပြေမှုရှိမလားဆိုတာကို စဉ်းစားရမယ့် အခြေအနေဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ပြည်သူတွေကို ကားစနစ်တကျထားနိုင်အောင် ၊ ကားပါကင်ကြေးကိုလည်းသင့်တင့်မျှတအောင် လုပ်ဆောင်ရမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ကားလည်းစီးနိုင်၊ ကားလည်းစနစ်တကျ ထားလို့ရအောင် ဖော်ဆောင်သွားတော့မယ်လို့လည်း သိရပါတယ်။
Credit: Duwun