Local Property News | Posted by Hnin Ei Khin
ရန်ကုန်တိုင်းအတွင်း တစ်နှစ်လျှင် တိုက်ခန်းပေါင်းတစ်သိန်း တည်ဆောက်ရန်လိုအပ်နေသဖြင့် တန်ဖိုးနည်းအိမ်ရာကဏ္ဍ၌ ၁၅နှစ်နှင့်အထက် အရစ်ကျဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အစိုးရက မြေထည့်ဝင်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ရန်ကုန်မြို့ကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ရန်ကုန်မြို့ဟာ နောင်ဆယ်စုနှစ် တစ်စုမတိုင်ခင်မှာ ပြုပြင်ပြောင်းလဲအခြေအနေထဲမှာ နေရေးကိစ္စက ထိပ်ဆုံးမှာရှိတယ်။ တစ်နှစ်တစ်နှစ်ကို တိုက်ခန်းပေါင်း တစ်သိန်း မထုတ်လုပ်နိုင်ဘူးဆိုရင် နေစရာတစ်သိန်း မဖန်တီးပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ တရားဥပဒေစိုမိုးရေးကိစ္စရပ်တွေမှာ အခက်အခဲတွေ ကြုံလာနိုင်တယ်ဆိုတဲ့ အခြေအနေရှိနေပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တိုက်ခန်းဝယ်ယူသူများကို ချေးငွေကာလ ၁၅ နှစ်အရစ်ကျစနစ်ဖြင့် တန်ဖိုးနည်း တိုက်ခန်းများ တည်ဆောက်ရင်းနှီးမြှုပ်နှံမည့် ရင်းနှီးမြှုပ်နှံသူများက မြေတန်ဖိုးထည့်ဝင်စရာမလိုဘဲ အစိုးရဘက်မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အစိုးရဘက်ကနေ မြေထည့်ဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ကနေပြီးတော့ တန်ဖိုးနည်းအိမ်ရာတွေကို ဆောက်ပေးမယ်ဆိုရင် မြေတန်ဖိုးထည့်စရာမလိုဘဲနဲ့ ဈေးကို သင့်တင့်တဲ့နှုန်းနဲ့ ရောင်းပေးနိုင်အောင် ကြိုးစားနေပါတယ်။ ဒါပေမဲ့ ရေရှည်ရင်းနှီးမြှုပ်နှံနိုင်တဲ့သူမျိုးရှိဖို့ လိုအပ်ပါတယ်။ ရေရှည်ရင်းနှီးမြှုပ်နှံမှုမရှိဘူးဆိုရင် ဒီအိမ်ရာကို ဝယ်ယူမယ့်သူတွေဟာ ကာလတိုလေးအတွင်းမှာ ပြန်ပေးဆပ်ရမယ်ဆိုရင် လစဉ်ပေးရမယ့်အခန်းဖိုး အင်မတန်ကြီးပါတယ်။ ဒါကြောင့်မို့ ၁၅ နှစ်နှင့်အထက်လောက် အချိန်ပေးနိုင်မယ်ဆိုရင် ဒီကာလကို ရင်းနှီးမြှုပ်နှံနိုင်တယ်ဆိုရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်လိုပါတယ်။ ပြည်တွင်းလုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ ရမယ်ဆိုရင် နေစရာမရှိတဲ့ ပြည်သူတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
လက်ရှိအချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ အရေးပေါ်အခြေအနေအရ လက်ရှိ ကျူးကျော်နေထိုင်သူတွေကို ဖြေရှင်းနိုင်အောင် ကြိုးစားနေပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့လည်း ညှိနှိုင်းနေပါတယ်။ ကျွန်တော်တို့ဘက်က မြေထည့်ပေးနိုင်ပြီး လူမှုအဖွဲ့အစည်းတွေကနေပြီးတော့ ချေးငွေစနစ်တစ်ခုနဲ့ Micro Finance လိုပုံစံမျိုးနဲ့ အိမ်တည်ဆောက်ပြီးတော့ လောလောဆယ်နေရေးကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ဖို့ အတွက် ကြိုးစားနေပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရောင်းချမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်း အခန်းများကို ဝယ်ယူရန်အတွက် ကနဦး ပေးသွင်းငွေ (Down Payment) ကို ယခင်က ရာခိုင်နှုန်း ၃၀ ပေးသွင်းရန်သတ်မှတ်ထားခဲ့သော်လည်း လက်ရှိတွင် ကနဦးပေးသွင်း ငွေအား ရာခိုင်နှုန်း ၂၀ သာပေးသွင်းပြီး ဘဏ်တိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁၅ နှစ်ဖြင့် ဝယ်ယူနိုင်ရန် ဗဟိုဘဏ်က ဖြေ လျှော့ပေးလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှုကော်မတီမှ ပြည်သူ့အိမ်ရာတိုက်ခန်းများ ရောင်းချနိုင်ရေးအတွက် မိသားစုဝင်ငွေ ငါးသိန်းနှင့်အောက်ကို ပထမအုပ်စုအဖြစ်လည်းကောင်း၊ မိသားစုဝင်ငွေငါးသိန်းအထက်ကို ဒုတိယအုပ်စုအဖြစ်လည်းကောင်း၊ အုပ်စုနှစ်ခုခွဲခဲ့ပြီး ၎င်းအုပ်စုနှစ်စုကို အများပြည်သူ၊ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းဟူ၍ ရည်မှန်းအုပ်စုလေးစု ထပ်မံခွဲ ခြားခဲ့ပြီး လျှောက်ထားလာသူ ၆၀၂၇ ဦးအနက် ပထမသုတ်အဖြစ် ၇၂၂ ဦးကို ရောင်းချခဲ့ရာ စုစုပေါင်းလျှောက်ထားသူ ၄၈၆ ဦးမှ ဆက်သွယ်ဝယ်ယူခဲ့ကြောင်း၊ ၎င်းတို့အနက် ငွေအကြေပေးသွင်းသူ ၄၁ ဦးနှင့် အိမ်ပေါင်ချေးငွေစနစ်ဖြင့် ဝယ်ယူလိုကြောင်း ဆန္ဒပြုသူ ၄၄၅ ဦးရှိခဲ့ကြောင်း အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှုကော်မတီမှ သိရသည်။
Credit: Eleven Media Group