Local Property News | Posted by Hnin Ei Khin
ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ပြည်ပမှ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်ရှိသော်လည်း မြေယာမပေးနိုင်သည့် အခက်အခဲဖြစ်ပေါ်နေကြောင်း မြေယာအသစ်များထပ်မံထားရှိရန်လိုအပ်ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။
" နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆက်သွယ်တာတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က မြေယာမပေးနိုင်တဲ့အခြေအနေတွေ ရှိနေတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူတွေကလည်း ရန်ကုန်တိုင်းကို စိတ်ဝင်စားတယ်။ မြေ ယာအကုန်လုံးက ပိုင်ဆိုင်မှုတွေရှိနေတဲ့အတွက် ချပေးစရာမြေမရှိဘူးဖြစ်နေတယ် ''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ထိုကဲ့သို့ မြေနေရာအခက်အခဲဖြစ် ပေါ်နေသည့်အတွက် ပြည်ပမှလာ ရောက်ရင်းနှီးမြှုပ်နှံမည့်သူများအတွက် အသစ်ထွက်ပေါ်မည့် မြေနေရာများကို တိုင်းအစိုးရမှ ပြင်ဆင်ထားမည်ဖြစ်ကြောင်း၊ အဆိုပါမြေနေရာများတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့် အိမ်ရာများကိုလည်း ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် လာရောက်ရင်းနှီးမြှုပ်နှံမည့် စက်ရုံအလုပ်ရုံများ ထည့်သွင်းတည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကော်မတီမှတစ် ဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၆ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆ ခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၄၂ ခုတို့ကို အတည်ပြုအမိန့်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com