Local Property News | Posted by Zarni Kyaw
လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးနှုန်းတွေ ကြီးမြင့်နေမှုဟာ နိုင်ငံခြားက လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အဟန့်အတားတစ်ခု ဖြစ်တယ်ဆိုရင်လည်း မှန်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံများက လာရောက်ပြီးရင်းနှီးမြှုပ်နှံလုပ်ကိုင်သူတွေ ထင်သလောက် ဝင်မလာကြသေးဘူး။ စောင့်ကြည့်နေတဲ့ သဘောပေါ့။
တကယ်လာရောက် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေကတော့ စက်ရုံ ၊ အလုပ်ရုံတွေ ဖွင့်လှစ်ကြတာ တွေ့ရပါတယ်။
မြေငှါးပြီး လုပ်ကိုင်ကြသူများပါတယ်။ ရင်းနှီးမြှုပ်နှံမှုအနေနဲ့တော့ နှစ်တို ၊ နှစ်ရှည် (၂)မျိုး လုပ်ကိုင်နေကြပါတယ်။
အချို့နိုင်ငံခြားသားတွေကတော့ ၁၀နှစ် ၊ ၁၅ နှစ် ၊ အငှါးစာချုပ်တွေ ချုပ်ဆိုပြီး လုပ်ငန်းဆက်မလုပ်ဖြစ်ဘဲ သူတို့နိုင်ငံ ပြန်သွားကြသူတွေလည်း ရှိပါတယ်။လေ့လာဆန်းစစ်ကြည့်ရင် မြေငှါးခနှုန်းထားတွေ မြင့်နေတာ တစ်ခုလည်းပါပါတယ်။ အချို့ကလည်း မောင်ကောင်းဖေကို မေးတာရှိသေးတယ်။
အခွန်နှုန်းထားတွေ ကြီးမြင့်နေလို့လားလို့ဆိုတော့ ဒါလည်း ဖြစ်နိုင်ပါတယ်။အခွန်နှုန်းထားတွေက ၁၅% ၊ ၂၀% ၊ ၃၀% ကနေ ပြန်ဆင်းမလားဘူး ဖြစ်နေတယ်။ဒါလည်း အိမ်ခြံမြေအရောင်းအဝယ်လောကကို တန့်သွားအောင် လုပ်လိုက်သလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ၁၅% ၊ ၂၀% ၊ ၃၀% ရာခိုင်နှုန်းတွေကြည့်ပြီး လန့်သွားစရာ မလိုပါဘူး။ မြေကွက်စံနှုန်း သတ်မှတ်ချက်တွေကိုလည်း အသေအချာလေ့လာကြည့်ဖို့ လိုပါတယ်။ ဥပမာ- ဒဂုံမြောက်ပိုင်းမြို့နယ်ကိုပဲ နမူနာတော့ လာကြည့်မယ်ဆိုရင် ပင်လုံလမ်းမပေါ်မှာ ပေ (၄၀ x ၅၀ ) တစ်ကွက်ကို သိန်း ၁၂၀၀ ပဲ စံနှုန်းသတ်မှတ်တယ်လေ။ တကယ်လိုက်ဝယ်ကြည့်တော့ ပင်လုံလမ်းမပေါ်မှာ သိန်း ၁၂၀၀ နဲ့ ရောင်းဝယ်သူတစ်ဦးမှ မရှိဘူး။ ရောင်းဖို့ရှိလားလို့ မေးမိရင်တောင် “ ရူးနေသလား ”လို့ အမေးခံရလိမ့်မယ်။အနည်းဆုံး သိန်း ၃၀၀၀ ၊ သိန်း ၄၀၀၀ ရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါကို သိရက်နဲ့အစိုးရက “ သိန်း ၁၂၀၀ ” ပဲ စံနှုန်းသတ်မှတ်ပေးတယ်လေ။
သိန်း ၃၀၀၀ ဖြစ်ရင် ၃၀% နဲ့တွက်ကြည့်တဲ့အခါ သိန်း ၉၀၀ ဆောင်ရမယ်။ အခု စံနှုန်းသတ်မှတ်ချက်တော့ သိန်း ၁၂၀၀ ကို ၃၀% ဆိုတော့ သိန်း ၃၆၀ ပဲ အခွန်ဆောင်ရတယ်။ အမှန်တကယ်ပေါက်ဈေးထက် (၃၀၀-၃၆၀) = ၅၄၀ သိန်းသက်သာတာကို တွေ့ရပါတယ်။ အဲဒီတော့ တစ်ဖက်က နှုန်းထားကို မြှင့်ထားပေမယ့် တစ်ဖက်က မြေဈေးနှုန်းကို ၄ ချိုးလောက် လျှော့ချထားတာကို တွေ့ရပါတယ်။ ဒါကြောင့် အရမ်းကြီးရာခိုင်နှုန်း မြှင့်ထားတယ်လို့တော့ မပြောနိုင်ပါဘူး။
ဒီတော့ ခြုံငုံသုံးသပ်ပြရရင်တော့ အိမ်ြံခံမြေဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အဟန့်အတားဖြစ်ရုံမက ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ထမ်းနေရသလို ခံစားမိလို့ တွန့်ဆုတ်သွားကြတာလည်း ဖြစ်နိုင်ပါတယ်။ အခွန်နှုန်းထားတွေလေ့လာကြည့်ရင် ရာခိုင်နှုန်းထပ်လျော့သင့်ပါသေးတယ်။
မြေပိုင်ဆိုင်တဲ့ သူတွေအနေနဲ့ အခုအစိုးရက သတ်မှတ်ပေးတဲ့ မြေဈေးနှုန်းတွေ တိုက်ခန်းဈေးနှုန်းတွေအတိုင်း ရောင်းပေနိုင်ရင်တော့ အကောင်းဆုံးပါ။အဲဒီလို မြေဈေးနှုန်းတိုက်ခန်းဈေးတွေ ကျလာရင် နိုင်ငံတော်အနေနဲ့လည်း ၇%၊ ၃၀%၊ ၁၅% ရာခိုင်နှုန်းလောက် အချိုးကျ လျော့ပေးသွားရင် အိမ်ခြံမြေဈေးတွေ အမြန်ဆုံး ကောင်းလာနိုင်တယ်လို့ ဆွေးနွေးတင်ပြလိုက်ပါတယ်။
သုခီ အတ္တာနံ ပရိဟန္တု
Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ