Local Property News | Posted by Hnin Ei Khin
အမေရိကန်ရင်းနှီးမြှုပ်နှံသူများသည် ဘဏ္ဍာရေးကဏ္ဍ အပါအဝင် အခြားသောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိနေသည်ဟု မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိသန်သံအမတ် စကော့မာရှယ်သည် မြန်မာနိုင်ငံကုန်သည်/စက်မှု အသင်းချုပ်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
"ဆွေးနွေးမှုအပေါ် အားရပါတယ်။ မြန်မာနိုင်ငံကို ဝိုင်းပယ်တာမျိုး မရှိကြပါဘူး။ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ အာမခံနဲ့ အခြားကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြပါတယ်"ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။
မြန်မာနိုင်ငံဘက်မှ ပညာရေး၊ နည်းပညာဆက်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ပြန်လည်ဖိတ်ခေါ်ခဲ့သည်။
သံအမတ်ကြီးသည် ဇွန်လတွင် အမေရိကန်နိုင်ငံ၌ ကျင်းပမည့် အမေရိကန် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲသို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့ပြင် အမေရိကန်စီးပွားရေးဆိုင်ရာ အဖွဲ့သုံးခုခန့်မှာလည်း မကြာမီတွင် မြန်မာနိုင်ငံသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုအတွက် ဆွေးနွေးသွားရန် ရှိနေသည်။
ပြီးခဲ့သည့် ဒီဇင်ဘာတွင် အမေရိကန်အခြေစိုက် Abbott, Amazon, Chevron, Ford, Mastercard, Visa, Coca-Cola စသည့်ကုမ္ပဏီများ ပါဝင်သည့်US-ASEAN စီးပွားရေးကောင်စီသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီ ၂၀ ခန့်က အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ကျော် ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု နိုင်ငံများစာရင်းတွင် အမေရိကန်သည် အဆင့် ၁၃ တွင် ရှိနေသည်။
Credit: The Myanmar Times