ခွင့်ပြုချက်မရှိဘဲ ဟိုတယ်နှင့် ဘန်ဂလို ဆောက်သူများကို တရားစွဲမည် - Property News in Myanmar from iMyanmarHouse.com
963 Views

ခွင့်ပြုချက်မရှိဘဲ ဟိုတယ်နှင့် ဘန်ဂလို ဆောက်သူများကို တရားစွဲမည်

Local Property News | Posted by Zarni Kyaw (iMyanmarHouse.com)

တနင်္သာရီတိုင်းရှိ ကမ်းခြေများတွင် ခွင့်ပြုချက်မရှိဘဲ ဟိုတယ်နှင့် ဘန်ဂလို ဆောက်သူများကို တားမြစ်ခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။

ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်သူများကို တားမြစ်နိုင်ရေး တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

“တစ်တိုင်းလုံးက ခွင့်ပြုချက် မရှိဘဲနဲ့ ဆောက်ထားတာတွေတားဖို့ အစီအစဉ်ရှိတယ်၊ တရားပါစွဲမှာပါ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် လောင်းလုံးမြို့နယ်၊ ကျုံးဂဏန်းကမ်းခြေအနီးတွင် ခွင့်ပြုချက်မရသေးဘဲ ဟိုတယ်တည်ဆောက်နေသည့် Au Temps Des Cerises ကုမ္ပဏီအား ခွင့်ပြုချက်မရမီ ဆောက်လုပ်မှုလုပ်ငန်း ရပ်ဆိုင်းထားရန် စာထုတ်တားမြစ်ထားကြောင်း ဝန်ကြီးက ပြောသည်။

ဟိုတယ်လုပ်ငန်းရှင်အချို့မှာ ကမ်းခြေမြေများကိုဝယ်ယူကာ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရေး မြေယာအခြားနည်းအသုံးပြုခွင့် လျှောက်ထားရာတွင် နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရကြောင်း ပြောဆိုနေကြသည်။

အချို့လုပ်ငန်းရှင်များက လုပ်ငန်းလုပ်ကိုင်ခွင့်ရသည်နှင့် တစ်ပြိုင်နက် ဧည့်သည်များ လက်ခံနိုင်ရေးရည်ရွယ်ကာ မြေအခြားနည်းအသုံးပြုခွင့်၊ ဟိုတယ်ဆောက်လုပ်ခွင့်မရမီ လျှောက်ထားဆဲကာလတွင် အဆောက်အအုံများကို ကြိုတင်ဆောက်လုပ်မှုအချို့ ရှိနေသည်။

အထက်ပါ ကုမ္ပဏီမှ ပြင်သစ်နိုင်ငံသားနှစ်ဦးက မြေယာအခြားနည်းအသုံးပြုခွင့် လျှောက်ထားဆဲဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ပြောကြားသည်။

ကျုံးဂဏန်းကျေးရွာ ရာအိမ်မှူး ဦးမိုးဦး၏ ပြောကြားချက်အရ Au Temps Des Cerises ကုမ္ပဏီမှ ၎င်း၏ ကမ်းခြေမြေတွင် မိုးတွင်းကာလ တစ်လျှောက်လုံး ဆောက်လုပ်ရေးပစ္စည်းများသယ်ကာ ဆောက်လုပ်နေပြီး လက်ရှိတွင် မြေပြင် ဖောင်ဒေးရှင်းချထားပြီး တိုင်တွေတူးထားသည်များရှိကြောင်း သိရသည်။

“အရင်ကလျှောက်ထားဆဲနဲ့လုပ်နေတာ၊ နောက်ပိုင်းမှာ ခွင့်ပြုချက်ရမှ ဆောက်ရမယ်ဆိုပြီး ပြောလာလို့ ရပ်နားထားတယ်လို့တော့ ကြားရတယ်”ဟု ဦးမိုးဦးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ခွင့်ပြုချက်မဲ့ ဟိုတယ်၊ ဘန်ဂလိုဆောက်လုပ်မှုများ အရေအတွက် အတိအကျအသေးစိတ်မပြောနိုင်သော်လည်း နေရာအတော်များများတွင် ရှိနေကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

 

Credit: The Voice

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)