Local Property News | Posted by Aye Myat Thu
အိမ်၊ ခြံ၊ မြေအထောက်အထားများအပေါ်အခြေမခံဘဲ ငွေသားစီးဆင်းမှုအပေါ်မူတည်ပြီးချေးငွေပေးပါက အရင်းအနှီးမရှိဘဲ အလုပ်ကြိုးစားသူများ အဆင်ပြေလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၃) ဦးဘိုဘိုငယ်က ပြောသည်။
လက်ရှိတွင် ပြည်တွင်းဘဏ်များမှ ချေးငွေရယူမည်ဆိုပါက မြေ၊ အိမ်ရာ၊ အဆောက်အအုံပစ္စည်းပိုင်ဆိုင်မှု အထောက်အထားပြရန်လိုအပ်သည့်အပေါ် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။
“Landscape Property (မြေ၊ အိမ်ရာအဆောက်အဦ)ပေါ်အခြေခံပြီးချေးငွေရယူတာထက် Cash Flow (ငွေသားစီးဆင်းမှု) အပေါ်မှာအခြေခံပြီး SME လုပ်ငန်းတွေကိုငွေချေးဖို့လိုတယ်။ ဒါဆိုအရင်းအနှီးမရှိလည်း အလုပ်ကြိုးစားသူတွေအတွက်အဆင်ပြေလာမယ်။ စီးပွားရေးလုပ်ပြီဆိုကတည်းက ပိုင်ဆိုင်မှုတွေက ရင်းနှီးမြှုပ်နှံမှုထဲပါသွားပြီလေ။ နောက်ပိုင်းမှာ ပြည်တွင်းဘဏ်တွေကိုပါဖွင့်ပေးသွားဖို့ရှိတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၃) ဦးဘိုဘိုငယ်က ပြောသည်။
လက်ရှိတွင် ဘဏ်များမှ ချေးငွေရယူလိုပါက အိမ်၊ ခြံ၊ မြေ၊ အိုးအိမ်ပစ္စည်းပိုင်ဆိုင်မှုအထောက်အထားများ ပြသရသဖြင့် ယင်းပစ္စည်းများ၏ ဈေးနှုန်းများတည်ငြိမ်မှုမရှိဘဲ မြင့်တက်လာခြင်းအပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ချေးငွေရရှိမှု ခက်ခဲနေကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်လုပ်ငန်းလိုင်စင်ရရှိထားသည့် နိုင်ငံခြားဘဏ်၊ ဘဏ် ခွဲ (၁၃) ခုကို ပြည်တွင်းစီးပွားရေးများအတွက် မည်သည့်ချေးငွေမဆိုဝန်ဆောင်မှုပေးနိုင် ကြောင်းနှင့် အခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ကြောင်း နိုဝင်ဘာလ ၈ ရက်၌ စတင်ခွင်ပြုခဲ့ သည်။
အဆိုပါ နိုင်ငံခြားဘဏ်များမှ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုချေးငွေပေးရာတွင် အလွယ်တကူရချေးငွေ ရရှိရန် မြေ၊ အိမ်ရာ၊ အဆောက်အအုံပစ္စည်းပိုင်ဆိုင်မှု အထောက်အထားလက်မခံရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူဝါဒသတ်မှတ်ထားကြောင်းသိရသည်။
Credit: Akonthi