Local Property News | Posted by Si Thu Aung
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ မြရိပ်ညိုဟိုတယ် ဟောင်းနေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်း အား စည်းကမ်းဖောက်ဖျက်မှုများကြောင့် မြေငှားရမ်း မှုရပ်ဆိုင်းကြောင်းနှင့် လုပ်ငန်းပိတ်သိမ်းရန် အကြောင်း ကြားထားကြောင်း ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ် တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
''အဓိကကတော့ ကုမ္ပဏီအနေနဲ့က MoA သဘော တူညီမှုစာချုပ်ကို ဖောက်ဖျက်တယ်။ ဖောက်ဖျက်တဲ့ အကြောင်းကိုလည်း သက်ဆိုင်ရာဌာနတွေကို အကြောင်း ကြားထားပြီးဖြစ်တယ်။ MoA စာချုပ်ကိုလည်း ရပ်ဆိုင်းမယ်။ တပ်မြို့စည်ပင်အနေနဲ့ကလည်း တပ်မြို့ စည်ပင်ဥပဒေ ပြဋ္ဌာန်းချက်ပါအတိုင်း သူတို့ကို စီမံကိန်း ရပ်ဆိုင်းဖို့၊ လက်ရှိမြေပေါ်မှာ ဆက်လက်ဆောင်ရွက်ခြင်း မရှိဖို့၊ ညွှန်ကြားလာလို့ရှိရင် ဖယ်ရှားဖို့၊ အဆင့်ဆင့် ဆောင်ရွက်သွားဖို့ ရှိပါတယ်''ဟု တပ်မြို့စည်ပင် သာယာရေးအဖွဲ့ရုံး အတွင်းရေးမှူး ဦးမိုးမင်းဝင်းက ပြောသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြရိပ်ညိုဟိုတယ်မြေ အား ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်နှင့် နိုင်ငံတော်ဘဏ္ဍာရရှိစေရန် တင်ဒါ ခေါ်ယူခဲ့ပြီး ဇေကမ္ဘာကုမ္ပဏီသို့ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် မြေငှားရမ်းရန် ကြိုတင်သဘောတူညီမှု မှတ်တမ်းလွှာ(MoA) စာချုပ်ချုပ်ဆို၍ ဆောင်ရွက်ခဲ့ ကြောင်း၊ စာချုပ်ပါ စည်းကမ်းအတိုင်း မြေအသုံးချခကို နှစ်နှစ်အတွင်း ငါးကြိမ်ခွဲ၍ ပေးသွင်းရမည်ဖြစ်သော်လည်း ယနေ့အထိ နှစ်ကြိမ်သာပေးသွင်းခဲ့သဖြင့် အကြိမ်ကြိမ် နှိုးဆော်သတိပေးခဲ့သော်လည်း ဆက်လက်ပေးသွင်းရမည့် အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် ပေးသွင်းမှုမရှိသေး ကြောင်း တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံး(ရန်ကုန်) မှ သိရသည်။
ထို့ပြင် ကုမ္ပဏီအနေဖြင့် မြရိပ်ညိုဟိုတယ်မြေ အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ ၁၉၉၆ ခုနှစ် ဇွန်လတွင် နိုင်ငံပိုင်သတင်းစာ၌ ရှေးဟောင်းလက်ရာစာရင်းဝင် အဆောက်အအုံများ အဖြစ် ဖော်ပြခဲ့သော ယခင်ခေတ် မြို့တော်ဝန်အိမ် House (C)နှင့် House (D)အပါအဝင် အဆောက်အအုံ လေးခုတို့အား တင်ပြချက်နှင့် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ ဖြိုဖျက်ခဲ့ပြီး ရုံးနှင့်စီမံကိန်း အဆောက်အအုံသစ် များအား MIC ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် လုပ်ငန်းများဆက်လက် ဆောင်ရွက်လုပ်ကိုင်ရန် အကြောင်းမရှိသဖြင့် လုပ်ငန်း ပိတ်သိမ်းဆောင်ရွက်သွားရန် ၂ဝ၁၈ ခုနှစ် မေ ၁ဝ ရက် တွင် အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း ယနေ့စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။
Credit: The Mirror