တရုတ်ပြည်မကြီး အခြေစိုက်ကုမ္ပဏီ အန်ဘန်က နယူးယောက်ရှိ ဝါးဒေါ့ဖ် အက်စ်တိုးရီးယားဟိုတယ်ကို လူနေဇိမ်ခံ ကွန်ဒိုမီနီယံကြီး အဖြစ် ပြောင်းလဲတော့မည်
တရုတ်ပြည်မကြီး အခြေစိုက်ကုမ္ပဏီ အန်ဘန်အာမခံအုပ်စုသည် နယူးယောက်ရှိ ဝါးဒေါ့ဖ် အက်စ်တိုးရီးယားဟိုတယ်ကို လူနေဇိမ်ခံ ကွန်ဒိုမီနီယံကြီး အဖြစ် ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အန်ဘန်က ဝါးဒေါ့ဖ် အက်စ်တိုးရီးယား၏ အခန်းများကို ကွန်ဒိုခန်းပေါင်း ၃၅၂ ခန်း ပြောင်းလဲဖွဲ့စည်းရန် တင်ပြလာကြောင်း နယူးယောက်ပြည်နယ် ရှေ့နေချုပ်ရုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ဟု ဆိုသည်။
ယင်းစီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ မတ်လကတည်းက တင်ပြထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကအဆိုပြုခဲ့သည့် အခန်းအရေအတွက်မှာ ၄၀၉ ခန်း ဖြစ်သည်။
အန်ဘန်က ဝါးဒေါ့ဖ် အက်စ်တိုးရီးယားဟိုတယ်ကို ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံဖြင့် ဝယ်ယူလိုက်ပြီး နောက်ပိုင်းကတည်းက နယူးယောက်မြို့၊ မန်ဟက်တန်ရပ်၏ တန်ဖိုးကြီးအိမ်ခြံမြေဈေးကွက် အေးသွားခဲ့သည်။
ပန်းခြံရိပ်သာလမ်း၊ အမှတ် ၃၀၁ တွင် တည်ရှိသော ဝါးဒေါ့ဖ်အက်စ်တိုးရီးယားဟိုတယ်ကို ကွန်ဒိုမီနီယံအဖြစ် ပြောင်းလဲပါက the Towers ဟု အမည်ပေးမည် ဖြစ်သည်။
သို့ရာတွင် ပြီးခဲ့သောလအတွင်း တရုတ်အစိုးရက အန်ဘန်ကုမ္ပဏီကို ခေတ္တသိမ်းယူမှုဖြစ်ပွားခဲ့သောကြောင့် ယခုစီမံကိန်း၏ အနာဂတ်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်လာခဲ့သည်။
အန်ဘန်၏ ပိုင်ဆိုင်မှုများ တစိတ်တဒေသ (သို့) အားလုံးအရောင်းအဝယ်ပြုလုပ်ခြင်းကို ကိုင်တွယ်ထိန်းချုပ်သွားမည်ဖြစ်ကြောင်းလည်း တရုတ်အစိုးရက ကြေညာခဲ့သည်။
(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/713731 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)
ကုမ္ပဏီတွင် အပြောင်းအလဲ အလှုပ်အခတ်များစွာ ဖြစ်နေသော်လည်း ဝါးဒေါ့ဖ်အက်စ်တိုးရီးယားတွင် ပြောင်းလဲမွမ်းမံမှုဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများမှာမူ အရှိန်ဟုန်မပျက် ဆက်လက်လုပ်ဆောင်နေခဲ့သည်ဟုလည်း ဆိုသည်။
ကွန်ဒိုအဖြစ်ပြောင်းလဲပါက ဈေးနှုန်းမည်မျှဖြင့် ရောင်းချသွားမည်ကိုမူ မသိရသေးချေ။
ပြီးခဲ့သော နိုဝင်ဘာလကတည်းက ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်မှာ ဝါးဒေါ့ဖ်အက်စ်တိုးရီးယားကို ကွန်ဒိုခန်း ၃၅၀ နှင့် ဟိုတယ်ခန်း ၃၅၀ အဖြစ် ပြောင်းလဲသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ဖူးသည်။
ဝါးဒေါ့ဖ်အက်စ်တိုးရီးယားသည် ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ စစ်ကြိုကာလနှင့် စစ်ပြီးကာလဝန်းကျင်တို့တွင် နယူးယောက်၏ အမြင့်မားဆုံးအဆောက်အအုံဖြစ်ခဲ့ပြီး ၁၉၈၀ ပြည့်လွန်ကာလများသို့ ရောက်သောအခါ မက်ထရိုပိုလီတန် တာဝါက နယူးယောက်၏ အမြင့်မားဆုံးဖြစ်လာသည်။
လက်ရှိတွင် နယူးယောက်၏ အမြင့်မားဆုံးမှာ အနောက် ၅၇ လမ်း၊ အမှတ် ၁၁၁ ရှိ အဆောက်အအုံကြီးဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)