ဘီယွန်းစေးနှင့် ဂျေးဇက်တို့၏ လော့စ်အိန်ဂျလိနေအိမ် အငှား-တစ်လလျှင် ဒေါ်လာ ၄ သိန်း၊ အရောင်း ၅၄ သန်းကျော်ဖြင့် ဈေးကွက်တင်
နာမည်ကျော် အမေရိကန်အဆိုတော်၊ သရုပ်ဆောင် ဘီယွန်းစေးနှင့် ခင်ပွန်းဖြစ်သူ ဟစ်ပ်ဟော့အဆိုတော် ဂျေးဇက်တို့ပိုင်ဆိုင်သော လော့စ်အိန်ဂျလိနေအိမ် အငှားဈေးကွက်ဝင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေ ရောင်းဝယ်ငှား သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အဆိုပါနေအိမ်ကို အငှားအတွက် တစ်လလျှင် ကန်ဒေါ်လာ ၄၀၀၀၀၀ ဈေးနှုန်းသတ်မှတ်ထားပြီး ရောင်းရန်အတွက်မူ ကန်ဒေါ်လာ ၅၄ ဒသမ ၅ သန်း ဈေးခေါ်ထားသည်။နေအိမ်အတွင်း အိပ်ခန်း ၁၀ ခန်း၊ ရေချိုးခန်း ၁၄ ခန်းပါဝင်ပြီး နေအိမ်အကျယ်အဝန်း ၁၆၁၀၇ စတုရန်းပေရှိကာ ခြံဝန်းမှာ ၆ ဧကခန့် ကျယ်ဝန်းသည်။
ဘီယွန်းစေးတို့ စုံတွဲသည် လော့စ်အိန်ဂျလိတွင် အမြဲတမ်းအခြေချမည့် နေအိမ်ရှာဖွေလျက်လည်း ရှိကြသည်ဟု ဆိုသည်။
ယခုရောင်းချမည့် နေအိမ်ခြံဝန်းအတွင်း ပင်မနေအိမ်တွင် စာကြည့်တိုက်၊ ဝိုင်သိုလှောင်ခန်း၊ ပစ္စည်းကိရိယာအစုံအလင် ထည့်သွင်းထားသော အားကစားလေ့ကျင့်ခန်း၊ ရုပ်ရှင်ပြခန်းတို့အပြင် သမုဒ္ဒရာမြင်ကွင်းကို ကောင်းစွာကြည့်ရှုနိုင်မည့် ကြီးမားကျယ်ပြန့်သော လသာဆောင်တို့ ပါဝင်သည်။
ဘီယွန်းစေးတို့ ဇနီးမောင်နှံသည် ကမ္ဘာပေါ်တွင် ဝင်ငွေအကောင်းဆုံး အနုပညာစုံတွဲအဖြစ် သတ်မှတ်ထားခြင်း ခံရပြီး နှစ်ဦးပေါင်း ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
ထိုပမာဏအနက် ဂျေးဇက်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၈၁၀ သန်းဖြစ်ပြီး ဂျေးဇက်မှာလည်း ဟစ်ပ်ဟော့လောကတွင် ဒုတိယ အချမ်းသာဆုံးတေးသံရှင်အဖြစ် သတ်မှတ်ထားကြသည်။
ဟစ်ဟော့ပ်လောက၏ အချမ်းသာဆုံးအဆိုရှင်များစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသူမှာ puff diddy ဖြစ်ပြီး ကန်ဒေါ်လာ ၈၂၀ သန်း ဖြစ်သည်။
ဘီယွန်းစေး၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၃၅၀ ဝန်းကျင်ရှိကြောင်း ဖော့ဘ်မဂ္ဂဇင်းကြီးက ခန့်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)