မြို့ပြမြင်ကွင်း မိုးမင်းပစ္စုန် ဆေးရောင်စုံအက်ဆေး - Property News in Myanmar from iMyanmarHouse.com
1335 Views

မြို့ပြမြင်ကွင်း မိုးမင်းပစ္စုန် ဆေးရောင်စုံအက်ဆေး

မြို့ပြဆိုသည်က အသစ်အသစ်သော နေအိမ် တိုက်တာများသက်သက် ပါဝင်ဖွဲ့စည်းထားသည် မဟုတ်။ မြင့်မားပြွတ်သိပ်သော ပျားအုံတိုက်ခန်းများ သက်သက်ကိုလည်း မြို့ပြဟု နာမတံဆိပ် ခပ်နှိပ်၍မရ။ အထူးထူးအဆန်းဆန်း ခမ်းနားဝင့်ထည်စွာ တည်ဆောက်မွမ်းမံထားသော ခံ့ထည် အဆောက်အအုံ များသက်သက်ဖြင့်လည်း မြို့ပြမမည်နိုင်သေး။ ဆိုခဲ့ပါ မြင့်မတ်ခမ်းနားလှစွာသော တိုက်တာအိုးအိမ်တို့ကို ၀န်းရံပတ်ကုံးထားသည့် ဆင်ခြေဖုံးအရပ်တို့၏သရုပ်ကိုပါ ထည့်သွင်းမှုန်းခြယ်နိုင်ပါမှ မြို့ပြပန်းချီကားက အသက်ဝင်ပြည့်စုံမှုရှိမည်မှာ မုချ။

ရန်ကုန်မြို့လယ်မှ downtown ခြောက်မြို့နယ်ကိုကြည့်လျှင် ပုရွက်ဆိတ်အုံတစ်ခုကိုကြည့်ရဘိသကဲ့သို့ရှိသည်။ နေရောင်ထွက်ပြူလာချိန်မှစ၍ မြို့လယ်လမ်းများပေါ်တွင် အရောင်စုံအသွေးစုံလှသော လူသားလှိုင်းလုံးများက တအိအိတငြိမ့်ငြိမ့်။ ထိုလှိုင်းလုံးများကြား ပါဝင်စီးမျောနေ သည့် လူသားများက ပုရွက်တွင်းမှထွက်လာသည့် ပုရွက်ကောင်များနှင့် တူစွဟုတ္တာ။ ဆူးလေဗဟျုပြု စီးပွားရေးဇုန်ဟု ကင်ပွန်းတပ်ရသည်အထိ ရန်ကုန်မြို့တော်ဗဟို၏ စီးပွားရေးလုပ်ငန်း အစုစုတို့ တည်ရာ ဒေသ၀န်းကျင်ဖြစ်သည့်အလျောက် ရန်ကုန်နယ်နိမိတ်အတွင်းရှိ အလုပ်လုပ်နိုင်သောအရွယ်ရှိ လူသားတိုင်းလိုလို မြို့လယ်ရပ်ကွက်များဆီသို့ ခိုဝင်လာကြသည်မှာ နိစ္စဓူဝ။

ရန်ကုန်နယ်နိမိတ်အတွင်း ပြေးဆွဲနေကြသည့် ဘတ်စ်ကားများမှာလည်း မြို့ထဲအ၀င်လမ်းကြောတွင် ခရီးသည်တနင့်တပိုးသယ်ဆောင်လျက် မနိုင်ဝန်ကကြိုးဖြင့် အပြေးအလွှားဝင်ရောက်လာကြ။ အ၀င်များသောအခါ ကားများကိုသယ်ပိုးထားရသည့် လမ်းမများကလည်း လုံလောက်သောပို့လွှတ်အားမရှိသဖြင့် ကျဉ်းမြောင်းကျပ် တည်းကုန်ရ။ မိမိလမ်းကြောင်းအတိုင်း လှေကြီး ထိုးရိုးရိုးဖြင့်သွားရမည်ကို နှောင့်နှေးဖင့်လေးမည်ထင်၍ အကြိုအကြား ဖြတ်ဝင်ဖြတ်ထွက်ပြုကြသော ကားကြီး၊ ကားလတ်၊ ကားသေးများကြောင့်လည်း မလိုလားအပ်သည့်နှောင့်နှေးကြန့်ကြာမှုများ ကြုံဆုံရတတ်။

ကားကျပ်မှုတောဝါကို သည်းခံနိုင်မှုအတိုင်းအတာ အတိုဆုံးသောသူများမှာ ဘတ်စ်ကားမောင်း သမားများဖြစ်သည်ကို တညီတညွတ်တည်းတွေ့ ရသည့်အချက်ကတော့ မြို့ပြ၏သာမန်ပြကွက် တစ်ကွက်ပင် ဖြစ်လောက်၏။ ခန္တီစဆိုသောစကား လက်ကိုင်မထားနိုင်သည့် ဘတ်စ်ကားယာဉ်မောင်း များ၏အမူအကျင့်က မထူးဆန်းလှတော့သောပြယုဂ် တစ်ခု ဖြစ်နေသည်။ ဘတ်စ်ကားများအတွက်သတ် မှတ်ပေးထားသော ယာဉ်ကြောအတိုင်း စနစ်တ ကျမောင်းနှင် သည့် ဘတ်စ်ကားယာဉ်မောင်း ဟူ၍ တွေ့ဖူးမြင်ဖူး သူရှိမည်မထင်။ သူတို့ဘတ်စ်ကားသ မားလောက၏သဘာဝအရ ရှေ့ကားကိုလည်းအလျှော့မပေး၊ နောက်ကားကိုလည်ူ အနိုင်မခံ၊ လမ်း၌ ရတန်သမျှသော ခရီးသည် တင်ဆောင်ခြင်းဖြင့် ၀င်ငွေကလည်း ရှာချင်သေး သည်သဘောများကြောင့် လမ်းတွင်တွေ့တွေ့သမျှသော ကားကြီးကားငယ်၊ ကားရွယ်ကားလတ် အထပ်ထပ်သောအဟန့်အတားများကို ကျော်လွှားဖြတ်တက် ခရီးဆက်ရခြင်းသည် သူတို့၏အန္တိမပန်းတိုင်။

သူတို့ကြောင့် လမ်းပိတ်ဆို့မှု ပိုမိုကြုံတွေ့ရသလို ပိတ်ဆို့နေသည့်လမ်းကြောထဲ သူတို့ညပ်နေပြီဆိုပါကလည်း အခြားအခြားသော အိမ်စီးကားငယ်များအတွင်း စာသူငယ်ကြား လင်းတနားသကဲ့သို့ ထီးထီးမားမားဖြစ်ကာ လှုပ်မရလှည့်မရဖြင့် ယာဉ်ကြောလမ်းကြောင်းကြား ခရုတွား သွားရပြန်ပေချိမ့်။ သည်ကြားထဲ မိုးသည်းသည်းမည်းမည်းရွာချလိုက်၍ မြောင်းရေကလျှံ ကန်ရေက တိုးပြီဆိုလျှင်တော့ ပျိုတို့မောင် ရွှေသျှောင်ငိုက် ခါးတောင်းကျိုက်ဖို့သာပြင်ပေရော့ဟု မြို့ပြစာချိုးအသစ် ချိုးရတော့မည်ဖြစ်သည်။ မြို့ပြတွင်လျှံသည့်ရေက လည်း နှယ်နှယ်ရရတော့မဟုတ်။ ခြေဖမိုးမြုပ်ရုံသာရှိသည့်ရေလောက်ကိုတော့ မြို့ပြသားများက ရေဟုပင် မထင်၊ ခြေခုံမြူမတင်အောင်ဆေးကြောပေးသည့် မိုးနတ်မင်းကြီး၏၀န်ဆောင်မှုလောက်သာ သဘောထားကြမြဲ။

ခြေသလုံးတစ်ပတ်ရစ်လောက်ရှိသည့်ရေများဆိုလျှင် မြို့ပြအလှပဂေးလေးများ အပြုံးပင်မပျက်။ ထဘီလေး ဒူးကောက်ကွေးမှအသာ မ ကာ မဟာဆန်သူခြေလှမ်းများဖြင့် လှမ်းကြွနှင်မြဲ။ စကတ်တို၊ ဘောင်းဘီတို ၀တ်ထားသူ ခေတ်လွန် မိန်မပျိုလေးများအတွက်တော့ အောက်နားစပင် ရေမခနိုင်သည့်အနေအထား။ သို့ပေမဲ့ ရန်ကုန်တွင်လျှံသည့်ရေက သူ့ရာဇ၀င်ကိုအရိုင်းမခံ။ ခြေဖမိုးမြုပ်ရုံ၊ ခြေသလုံးတစ်ပတ်ရစ်ရုံမျှ လျှံရလျှင် မြို့ပြလက္ခဏာမပီသမည်ကို စိုးရွံ့ ရော့ထင့်။ တစ်ခါလျှံလျှင် အနည်းဆုံး ဒူးအထက်ခန့်တော့ရောက်သည်။ အချို့နေရာများမှာ ဒူးအထက်ကိုကျော်လွန်လျက် ပေါင် လယ်ခန့်လောက်အထိ ရောက်ပေသေးရာ အဘယ်သို့သော ထဘီဝတ်မိန်းမသားများ မဟာဆန်နိုင်တော့ မည်နည်း။ ရေစိုလွတ်အောင်သာ ထဘီကို မ လျှောက်ရလျှင် "မိုးထဲရေထဲ အကုန်ပေါ် အမြင်မတော် ဟိုးလို့ဟောင်းလောင်း" သံချပ်ထိုးစရာဖြစ်သွားရော့မည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းခြင်းနှင့် ရေမြောင်း များပိတ်ဆို့သဖြင့် လမ်းများ၌ ရေကြီးရေလျှံဖြစ်ခြင်းတို့သည် လက်ရှိအစိုးရသစ်အတွက် အခြေခံအကျဆုံးဖြေရှင်းရမည့် စိန်ခေါ်မှုများဖြစ်သည်။ ယခင်အစိုးရက ခုံးကျော်တံတား များဆောက်လုပ်ခြင်းဖြင့် ယာဉ်ကြောကျပ်တည်းမှုကို သက်သာရာရစေမည်ဟု ဆိုခဲ့သော်လည်း လက်တွေ့တွင်တော့ သိသာသည့်ချောင်ချိမှု မရှိခဲ့။ ထို့အတူ မြို့နယ်အချို့တွင် မြေအောက်ရေမြောင်းစနစ်များ ပြန်လည်ဖော်ထုတ်ကာ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခဲ့သည်ဆိုသော်လည်း မိုးလေးတစ်ချီလောက် သဲသဲမဲမဲရွာ လိုက်သည်နှင့် လမ်းများပေါ်တွင် ရေများက ပေါင်း လန်ဆဲ။ ပေါင်းလန်နေသည့်ရေပြင်ထက် ယာဉ်ကြောကျပ် တည်းမှုကြောင့်တအိအိလှိမ့်လိုက်သည့် ကားကြီးကားငယ် များ၏အရှိန် သက်ရောက်သည့်အချိန်တွင်တော့ ရန်ကုန်မြင်ကွင်းတို့ တဒင်္ဂပျောက်ကွယ်လျက် ငပလီ၊ ချောင်းသာ၊ ငွေဆောင်တို့သို့ ရောက်နေဘိအလား လှိုင်းအိလေးများ၏တဖျတ်ဖျတ်လာရောက်ရိုက်ခတ်မှုက ကြည်မွေ့ဖွယ်အတိ။

မိုးရွာ၍ ရေလျှံပြီဆိုသည်နှင့် မျက်လုံးမျက်ဆန်ပြူးကြသူများမှာ မြေညီထပ်တိုက်ခန်းတွင်နေထိုင်ကြသူများ။ သူတို့က မြေညီထပ်ဆိုသည့် အနွတ္ထသညာအတိုင်း အိမ်ကြမ်းပြင်ကို မြေသားနှင့် အညီဆောက်လုပ်နေထိုင်ကြမြဲ။ နည်းနည်းမြင့် သည့်အခန်းက မြေပြင်ထက် လက်လေးလုံးခန့်၊ လွန်ရောကျွံရောမှ တစ်ထွာခန့်။ မြောင်းဆို သည်က မြောင်းဖုံးကျောက်ပြားကို မြေပြင်နှင့်တစ်ညီတည်းတစ်သားတည်းထားမြဲ။ သည်တော့ မြေညီထပ် ကြမ်းပြင်နှင့် မြောင်းဖုံးကျောက်သားကလည်း တစ်ညီတည်းတစ်သားတည်း။ ရေတို့က မြောင်းတွင်းမှတင် သေသေ၀ပ်ဝပ်စီးမည်ဆိုက ပြဿနာမရှိ။ ခုတော့ မိုးလေးနည်းနည်းသည်းလိုက်သည်နှင့် မြောင်းရေတို့က လမ်းမပေါ်သို့ လွတ်လပ်ကျယ်ပြောစွာ လျှံတက်လာ ရကား မြောင်းဖုံးနှင့်တစ်ပြေးညီရှိသော မြေညီထပ်ကြမ်းရှင်တို့ အလျင်မျက်လုံးပြူးရ၏။ လက်လေးလုံးအမြင့်ရှိသူတို့က လက်လေးလုံးစာစိတ်အေးရသလို တစ်ထွာအမြင့်ရှိသူတို့က တစ်ထွာစာစိတ်အေးရ၏။

တကယ်တော့ ယာဉ်ကြောကျပ်တည်းခြင်းနှင့် မြောင်းရေ လျှံခြင်းတို့သည် မြို့ပြ၏အသွင်အပြင်ကို ရယ်သွမ်းသွေး စရာဖြစ်နေသော ပြက်လုံးများ ဖြစ်နေသည်။ မြို့ပြလက္ခဏာ ကိုယုတ်လျော့စေသော အနုတ်အသွင် လည်း ဆောင်နေ သည်ဖြစ်၏။ လမ်းမများပေါ်ပြေးဆွဲနေသော မော်တော် ကားအရေအတွက် လျှော့ခပိတ်ပင်ခြင်းသည် မှန်ကန်သောစီမံခန့်ခွဲမှုမဟုတ်၊ ထို့အတူ လမ်းများရေ မ၀ပ်စေ ရန် လမ်းအမြင့်မြှင့်တင်သွန်းလောင်းခြင်း သည်လည်း မှန်ကန်သောစီမံခန့်ခွဲမှုမဟုတ်။ ဆိုခဲ့ပါနည်းလမ်းတို့သည် ဆေးမြီးတိုသဘောမျှသာဖြစ်၍ ဆေးအတွက်လေးစေမည်မှာ မုချ။ ထို့ကြောင့်လည်း အစိုးရသစ်လက်ထက် မြို့တော်ဝန်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ ဦးဆောင်ကာ သက်ဆိုင်ရာပညာရှင်များ၏အတွေးအကြံရယူလျက် ယင်းစိန်ခေါ်မှုနှစ်မျိုးကို ဖြေရှင်းနိုင်ရန် အားသွန်ကြိုး ပမ်းလျက်ရှိ၏။ လောလောဆယ်မှာတော့ အထူးဘတ်စ်ကားခြေနင်းခုံပေါ် ဆောင့်ကြောင့်ထိုင်နေသည့် စပယ်ယာလေးက သူ့ခြေဖ၀ါးသို့ လာရောက်ရိုက်ခတ်နေသည့် လမ်းပေါ်မှရေလှိုင်းတို့ကို အာရုံခံလျက် အိမ်ထဲမှရေများကိုမနိုင်မနင်း ပက်ထုတ်နေသော လမ်းနံဘေးမြေညီထပ် တိုက်ခန်းရှင်ကို ငေးကြည်နေရင်း ဗညားဟန်သီချင်းတ စ်ပုဒ်ကို စိတ်မှတ်မဲ့ဆိုညည်းနေသည်။

မိုးကုပ်စက်ဝိုင်းအောက်မှာ
ခါဦးမိုးတို့အကြိမ်ကြိမ်ကြွေ
ဝါဆိုဝသန်ဦးကျူးရင် ငိုမိတယ် . . .

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service