စီးပွားရေးပူစီဖောင်း ပေါက်ကွဲမထွက်စေဖို့
စီးပွားရေးပညာရပ် နယ်ပယ်မှာ ပူဖောင်းစီးပွားရေး Bubble Economy ကိုစနစ်တကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာမရှိပေမယ့် America’s Bubble Economy စာအုပ်ရေးသားပြုစုသူ David Wiedement,Ph.D,Robert.A.Wiedemer,Cindy Spitger နဲ့ Eric Janzen တို့ကတော့-
“ပိုင်ဆိုင်မှုတစ်ခုနဲ့ သတိထားမိတဲ့ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးကတကယ့်စီးပွားရေးတန်ဖိုးကို ကျော်လွန်သွားတဲ့အခါ ပူးပေါင်းစီးပွားရေးဖြစ်လာတယ်”လို့ဆိုကြသည်။ ဒီနေရာမှာ စီးပွားရေးတန်ဖိုးဆိုတာက လူဦးရေတိုးတက်မှု
မြင့်မားလာတဲ့ ကုမ္ပဏီဝင်ငွေတွေ
မြင့်မားလာတဲ့ ပုဂ္ဂိုလ်ရေးဝင်ငွေတွေ ဒါမှမဟုတ်
ပိုင်ဆိုင်မှုရဲ့ တန်ဖိုးမြင့်မားမှုနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ အခြားအခြေခံ စီးပွားရေးပရာမီတာတွေလို ယုတ္တိရှိတဲ့ စီးပွားရေးပရာမီတာတွေအပေါ်မှာ အခြေခံတဲ့ တန်ဖိုးတစ်ခုလည်းဖြစ်ပါတယ်။ တစ်နည်းဆိုရရင် အကယ်၍ ပိုင်ဆိုင်မှုကို ယင်းရဲ့စီးပွားရေး တန်ဖိုးထက်ပိုတဲ့ တန်ဖိုးနဲ့ စတင်ရောင်းလိုက်ပြီး သတိထားမိတဲ့ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးကနေ အခြေကျကျ တွန်းအားပေးမှုကြောင့် မူလစီးပွားရေးတန်ဖိုးထက်နှစ်ဆ ဒါမှမဟုတ် နှစ်ဆထက်ပိုပြီး မြင့်တက်လာရင် ဒါကိုပူဖောင်းစီးပွားရေးလို့ ခေါ်ကြတာဖြစ်တယ်။
အစောပိုင်းအဆင့်တွေမှာ ပူဖောင်းစီးပွားရေးက မြင်သာတဲ့ အကြောင်းအချက်တွေအရ မြင့်တက်ကြတာဖြစ်တယ်ဆိုတာ နားလည်သဘောမပေါက်ဖို့ အရေးကြီးတယ်။ လူဦးရေများပြားလာတဲ့အခါ ရနိုင်တဲ့အိမ်တွေထက် လူတွေကအိမ်တွေကို ပိုလိုအပ်လာပြီး အိမ်ဈေးနှုန်းတွေတက်လာတာမျိုးဖြစ်တယ်။ နောက်တစ်ခုကတော့ ၀င်ငွေရရှိမှု မြင့်မားလာတဲ့အတွက် လူတွေကတန်ဖိုးမြင့်တဲ့ အိမ်တွေဝယ်ယူလိုက်ကြချိန်မှာ ၀ယ်ယူလိုမှုနဲ့ ရောင်းလိုအားမမျှတဲ့အခါမှာလည်း ဈေးတွေမြင့်တက်လာတာဖြစ်ပါတယ်။ ဒီအခြေအနေမှာ အိမ်၊ ခြံ၊ မြေ ဈေးကွက်မြင့်တက်လာမှုက သာမာန်အားဖြင့် ရောင်းလိုအားနဲ့ ၀ယ်လိုအားကိစ္စရပ်ဖြစ်တယ်။ ရောင်းလိုအားတွေ အကန့်အသတ်ဖြစ်လာပြီး ၀ယ်ယူလိုအားကြီးထွားလာတဲ့အခါ ဈေးနှုန်းတွေမြင့်တက်လာစေတာဖြစ်တယ်။ အိမ်ဈေးတွေ ဘယ်လောက်ပဲမြင့်လာလာ ဈေးနှုန်းတွေ မြင့်တက်လာရတဲ့စီးပွားရေး အခြေခံအကြောင်းအချက်တွေ ရှိနေတာနဲ့အမျှ ဘာမှဖြစ်မလာနိုင်တဲ့အတွက် အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ပူဖောင်းဆိုတာ ဖြစ်မလာနိုင်ပါ။ သို့ပေမယ့် အုပ်ချုပ်သူအစိုးရတွေရဲ့ လွဲမှားတဲ့စီမံခန့်ခွဲမှုအရ လူနည်းစုက အိမ်၊ ခြံ၊ မြေတွေ ပိုင်ဆိုင်ကြပြီး လူအများစုဖြစ်တဲ့ ဆင်းရဲတွင်းနက်သူတွေမှာ နေရေးအတွက် အခက်အခဲဖြစ်လာတာနဲ့အမျှ အိမ်၊ ခြံ၊ မြေ ပူဖောင်းက ပေါက်ကွဲထွက်လာစေမှာ ဖြစ်တယ်။
သို့ပေမယ့် တစ်ခါတစ်ရံမှာ ပိုင်ဆိုင်မှု ပစ္စည်းတစ်ခုအတွက် ဈေးနှုန်းတွေမြင့်တက်လာတာကြောင့် စောင့်ပြီး ကန်လိုက်သလိုမျိုးဖြစ်တာက သာမာန်အားဖြင့် လောဘကြောင့်ဖြစ်တယ်။ တန်ဖိုးမြင့်မားလာတဲ့ ပစ္စည်းတွေကို လူတွေက ပိုင်ဆိုင်လိုမှုအခွင့်အလမ်းကို လက်မလွှတ်လိုကြတာကြောင့် လူတွေဟာဒီလိုပစ္စည်းတွေကို ပိုမိုဝယ်ယူလာကြတာဖြစ်တယ်။ ၀ယ်လိုအားမြင့်တက်မားလာတာနှင့်အမျှ ဈေးနှုန်းကလည်း လိုက်ပြီးမြင့်တက်လာစေတာဖြစ်တယ်။ ဒီလိုဖြစ်ရပ်မျိုးမှာ အောက်ခြေစီးပွားရေး ပရာမီတာကောင်းတွေက ဈေးနှုန်းမြင့်တက်လာစေတာကို ထောက်ကန်မထားနိုင်တာကြောင့် တစ်ခဏတာအချိန်အတွင်းမှာ အဲဒီပစ္စည်းကို အခြေခံစီးပွားရေးဈေးနှုန်းအထက်ရောင်းကြတာကြောင့် ငွေကြေးကစားမှု သက်သက်၊ ရင်းနှီးမြုပ်နှံမှုသက်သက်အပေါ် အခြေခံလုပ်ဆောင်ကြတာဖြစ်တယ်။ ဈေးကွက်အတွင်း အရောင်းအ၀ယ်လုပ်ကြရာမှာ ကြမ်းခင်းဈေးကို လူတိုင်းသိနေတာဖြစ်လို့ လူတွေကိုအချိန်ကြာကြာအရူးလုပ်လို့မရတဲ့ ဈေးနှုန်းအမှန်ကို လူတိုင်းသိသွားကြတာဖြစ်တယ်။ ဒါကြောင့် အရောင်းအ၀ယ်လုပ်ငန်းတွေမှာ သူများရောင်းတဲ့ ဈေးနှုန်းအတိုင်း မိမိက ရောင်းနိုင်ရင်ရောင်း ဒါမှမဟုတ်မိမိက အခြားသူတွေထက် ဈေးနှုန်းနှိမ့်ပြီး ရောင်းတတ်ဖို့လိုတယ်။ ရံဖန်ရံခါဆိုသလို ပူဖောင်းတွေ ပေါက်သွားပြီး ပုံမှန်ဈေးက တကယ့်အမှန်တကယ် ထုတ်လုပ်မှု ကြီးထွားတာတွေ၊ အမှန်တကယ်လုပ်ခမြင့်တက်မှုတွေရဲ့ အမှန်တကယ်ပိုင်ဆိုင်မှု အကျိုးအမြတ်ဖြစ်ထွန်းမှုတွေကို မှန်ကန်တဲ့စီးပွားရေး ပရာမီတာတွေပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်တာဖြစ်တယ်။ ဖောင်းပွမှုလွန်ကဲတဲ့ ပူဖောင်းတွေကတော့ အခုလိုရပ်တည်နိုင်ကြတာ မဟုတ်ဘူးလို့ဆိုတယ်။
စီးပွားရေး ပူဖောင်းတွေက မပေါက်ကွဲသေးရင် သိနိုင်ဖို့ခက်ခဲတယ်။ ဒါတွေကို ယုံကြည်တဲ့ရေတို အကျိုးဖြစ်ထွန်းမှုတွေက အနာဂတ်နဲ့ ပတ်သက်ပြီး မသဲကွဲတဲ့အတွေးတွေထက် ပိုမိုညို့ယူဖမ်းစားတတ်တာကြောင့် ရေရှည်မှာ ကျဆုံးစေနိုင်တာဖြစ်တယ်။ အလုပ်တစ်ခုခုလုပ်ရာမှာ မိမိက စောစောသိရင် ပူဖောင်းစီးပွားရေးကနေ လွန်မြောက်အကျိုးရှိစေနိုင်တယ်။ မနက်ဖန်ဆိုတာကို မစဉ်းစားဘဲ ဒီကနေ့လုပ်ဆောင်ဖွယ်ရာတွေကို အကောင်းဆုံးလုပ်ဆောင်တတ်ကြရမှာဖြစ်တယ်။ ယခင်ကမမြင်သာတဲ့ ပူဖောင်းတွေက ပေါက်ကွဲပြီး နောက်ပိုင်းမှာ တစ်ခဏချင်းသိသာလာတယ်။ အရက်နာကျပြီးနိုးလာသူက အရင်ညက အဖြစ်အပျက်ကိုအခန့်မှန်းနိုင်တော့သလို ပေါက်ကွဲပြီးတဲ့ ပူဖောင်းကတစ်ခါတုန်းက ခိုင်မာစွာရှိနေခဲ့တဲ့ ပိုင်ဆိုင်မှုတွေက စိတ်ကူးယဉ်အိပ်မက်တွေကို ဖြစ်သွားစေတာဖြစ်တယ်။ ပူဖောင်းတွေတက်လာချိန်မှာ မကျမီနာကျင်မှုမဖြစ်စေဖို့ အစောဆုံးထွက်နိုင်ဖို့ အရေးကြီးတယ်။
ဈေးနှုန်းတွေမြင့်လာတဲ့အခါ အစောဆုံးဝယ်ထားနိုင်သူက အမြတ်များများရရှိစေတာဖြစ်တယ်။ အပြန်အလှန်အနေနဲ့ ဈေးတွေကျလာတဲ့အခါ အဦးဆုံးရောင်းနိုင်သူက အမြတ်များများရရှိစေတာမျိုးဖြစ်တယ်။ ဒါကြောင့် စီးပွားရေးပူဖောင်းမပေါက်မီမှာ မိမိကဦးအောင်ထွက်နိုင်ဖို့လိုအပ်တယ်။ ပူဖောင်းစီးပွားရေးဖြစ်နေသလား ဘယ်အချိန်မှာ ပူဖောင်းစီးပွားရေး ဖြစ်နိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေပြနိုင်မှုမရှိပေမယ့် တောအုပ်အတွင်းမှာ သစ်ခုတ်တာကိုပဲ အာရုံစိုက်နေသူက သစ်တောတွေ မီးလောင်နေတာကို သတိမထားနိုင်တဲ့သူသစ်ခုတ်ပြီး သစ်များများရဖို့ပဲ အလေးထားအာရုံစိုက်နေတတ်သလို သူတို့ပိုင်ဆိုင်ပစ္စည်းတွေအပေါ်မှာ ငွေကြေးအရ အာရုံစိုက်မှုမပြုနိုင်သလို ဖြစ်တယ်။ အရှင်းဆုံးဆိုရရင် အသုံးပြုပြီးသားတွေ ရောင်းသူမည်သူကမှ သူရောင်းနေတဲ့ ကားဈေးနှုန်းတွေ အင်မတန်မြင့်နေတယ်ဆိုတာ မတွေမိနိုင်သလိုဖြစ်တယ်။
ပိုင်ဆိုင်မှုစီးပွားရေး ပူဖောင်းတွေက အဆင့်နှစ်ဆင့်နဲ့ ကျဆင်းတတ်ကြတာဖြစ်တယ်။ ပထမအဆင့်က ပူဖောင်းတွေကို ပေါက်တာကြောင့်ဖြစ်ပြီး၊ ဒုတိယအဆင့်ကတော့ စီးပွားရေးမကောင်းလို့ဖြစ်တယ်။
ပိုင်ဆိုင်ပူဖောင်းစီးပွားရေးတွေဖြစ်တယ်။ စတော့ဈေးကွက်ပူဖောင်းတွေနဲ့ ဒေါ်လာပူဖောင်းတွေက အဆင့်နှစ်ဆင့်နဲ့ ပေါက်ကွဲတတ်တယ်ဆိုတာကို ညွှန်ပြနိုင်ဖို့အရေးကြီးတယ်။ပထမတစ်ခုက တန်ဖိုးလွန်ကဲဈေးနှုန်းပူဖောင်းဖြစ်ပြီး ဒုတိယအဆင့်ကတော့ စီးပွားရေးမကောင်းတာကြောင့် သိသာတဲ့ ဈေးနှုန်းကျဆင်းလာမူတွေဖြစ်တယ်။ စာရေးသူတို့နိုင်ငံမှာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးကို စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ်နဲ့ ယှဉ်တွဲကျင့်သုံးတော့မှာဖြစ်လို့ မြန်မာ့နိုင်ငံသားတွေအနေနဲ့ ငွေကြေးဈေးကွက်တွေအကြောင်း အခုကတည်းက ပိုင်ပိုင်နိုင်နိုင်သိထားဖို့ လိုအပ်မှာဖြစ်တယ်။
ဒီကနေ့မှာ စာရေးသူတို့နိုင်ငံက အာဏာရှင်တစ်သွေးတစ်သံတစ်မိန့် ပုံစံနဲ့ အုပ်ချုပ်မှုကနေ ဒီမိုကရေစီလမ်းကြောင်းကို ပြောင်းလဲလျောက်လှမ်းရာမှာ အာဏာရှင်ခေတ်မှာ ခရိုနီတွေနဲ့ ပေါင်းပြီးရယူထားတဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်လိုမှု Protectionism ကြောင့် နည်းလမ်းပုံစံအမျိုးမျိုးနဲ့ နိုင်ငံရေးကစားကွက် Political Games တွေ ကစားနေကြသလို တစ်ဖက်မှာအိမ်၊ ခြံ၊ မြေနဲ့ ငွေကြေးဈေးကွက် ကစားတာတွေ Financial Games တွေလည်း ကစားနေကြတယ်။
ဒါကြောင့် စီးပွားရေးပူဖောင်း ပေါက်ကွဲမထွက်စေဖို့ မိမိနိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးကို ရှေ့ရှုလုပ်ဆောင်တတ်ဖို့ အနာဂတ်အမြင်ကောင်းတွေ ရှိကြရမှာဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်) မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂဇင်းအတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com