အိမ်ခြံမြေဈေးကွက်အတွင်း ငွေကျွံနေခြင်းကြောင့် ရွှေအရောင်းအဝယ် အားနည်း
ပြည်တွင်းအိမ်ခြံမြေဈေးကွက်ရပ်တန့်နေမှုသည်
ရွှေဈေးကွက်အပေါ်ရိုက်ခတ်မှုများ ရှိလာနေသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်း
တာဝန်ရှိသူက ပြောသည်။ ဒေါ်လာဈေး၊ ရွှေဈေးနှုန်း အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်နေသော်လည်း အိမ်ခြံမြေလုပ်ငန်းရင်း နှီးမြုပ်နှံသူများငွေပြန်မဖော်နိုင်
ခြင်းကြောင့် ရွှေဈေးကွက်အတွင်း အရောင်းအဝယ် မဖြစ်ထွန်းဟုယင်းအသင်းအတွင်းရေးမှူးဦးကျော်ဝင်းက ပြောသည်။
“အိမ်ခြံမြေဈေးတွေမှာ လူတွေရဲ့ငွေတွေ ပိတ်မိနေလို့ ဒေါ်လာဈေး၊ ရွှေဈေး အပြောင်းအလဲ များနေချိန်မှာ အရောင်းအ၀ယ်က အားရစရာ
တက်မလာဘူး။ အိမ်ခြံမြေဘက်က လူတွေရဲ့ ဝယ်နိုင်အားတွေ ရွှေဈေးကွက်မှာ ပျောက်နေတော့ ပုံမှန်လောက်ပဲ အရောင်းအဝယ်
ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
၂၀၁၄ခုနှစ်အိမ်ခြံမြေအရောင်းအ၀ယ်စတင်ကျဆင်းလာချိန်
မြန်မာရွှေဈေးကွက် အရောင်းအ၀ယ်များလည်း တစ်ဖြည်းဖြည်းအေးလာကြောင်း လက်ရှိရွှေဈေး အပြောင်းအလဲအပေါ်လူအများစိတ်ဝင်စားနေသည့်အခြေအနေမျိုး ဖြစ်သော်လည်းရင်းနှီးမြုပ်နှံရန်ငွေမရှိသည့်အခြေအနေမျိုး ဖြစ်နေသည်ဟုလည်း ၎င်းက သုံးသပ်ပြောဆိုသည်။
“ရွှေဈေးက ပုံမှန် ခုနစ်သိန်းလောက် ဒီအချိန်မှာ ဖြစ်လာနိုင်တယ်ဆိုတာ လူတွေ တွက်ပြီးသားကို အရောင်းအ၀ယ်မဖြစ်တာ အိမ်ခြံမြေတွေမှာ
သူတို့ငွေတွေလက်လွန်ထားလို့ ရွှေဘက်ကို ပြန်မလှည့်နိုင်တာ” ဟု ဦးကျော်ဝင်းက ထပ်မံပြောသည်။
အကျိုးဆောင် အိမ်ခြံမြေလုပ်ငန်း အရောင်းမန်နေဂျာ ဦးဝင်းထိန်က“မြန်မာနိုင်ငံမှာ ငွေရှိရင် ရွှေဝယ်မလား၊ ဒေါ်လာရင်းထားမလား၊အိမ်ခြံမြေပဲ လုပ်မလား ရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းသိပ်မရှိတော့ ဈေးကွက်တစ်ခု ကောင်းတယ်ဆိုပြီး ဝိုင်းလုပ်လိုက်တော့ဈေးကွက်ပျက်ချိန်မှာ အားလုံးထိတာပါ” ဟု ပြောသည်။
အိမ်ခြံမြေဈေးကွက် အားကောင်းချိန် တစ်လ တိုက်ခန်းတစ်ခန်းအရောင်းအ၀ယ်ဖြစ်ရုံဖြင့် ရွှေရင်းနှီးတာ
ထက် အကျိုးအမြတ် ပိုရှိနေခြင်းကြောင့်၂၀၁၄ နှစ်ကုန်အထိ အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု ပိုမို အားကောင်းခဲ့သည်ဟု ၎င်းအိမ်ခြံမြေ အကျိုးဆောင်က ပြောသည်။
Credit: mizzimaburmese