ကွန်ဒိုဥပဒေမပေါ်ထွက်မီ အရောင်းအ၀ယ် ပြုလုပ်နေသော ကွန်ဒိုတိုက်ခန်းများနှင့် ပတ်သက်၍ အာမခံချက်ပေးနိုင်ရန် လိုအပ်
ကွန်ဒိုမီနီယံဥပဒေ မထွက်သေးခင် အရောင်းအ၀ယ် ပြုလုပ်နေသော ကွန်ဒိုတိုက်ခန်းများနှင့် ပတ်သက်၍ စနစ်အပေါ်တွင် လည်းကောင်း၊ ဆောက်လုပ်မှု အပေါ်တွင်လည်းကောင်း၊ ပိုင်ဆိုင်မှု အပေါ်တွင်လည်းကောင်း တစ်စုံတစ်ရာ အာမခံချက်ပေးရန် လိုအပ်နေကြောင်း၊ သို့မဟုတ်ပါက ရောင်းဝယ်မှုအားလုံး ဆုံးရှုံးမည်ဟု မဆိုလိုနိုင်သော်လည်း အထိုက်အလျောက် အန္တရာယ်တော့ ကျရောက်နိုင်ကြောင်း ဥပဒေပညာရှင်များနှင့် အိမ်ရာအဆောက်အအုံ နယ်ပယ်ကဏ္ဍတွင် ကျွမ်းကျင်သူများက သုံးသပ်ပြောကြားကြသည်။
“အခုက ဆောက်လုပ်ခွင့် ပါမစ်မရဘဲနဲ့ ကွန်ဒိုတွေကိုဆောက်ပြီး ရောင်းနေတာတွေရှိတယ်။ ပါမစ်ရပြီးရင်လည်း ဒီမြေပေါ်မှာ ဆောက်ဖြစ်ဖို့ဆိုတာ နည်းဥပဒေကလည်း လိုသေးတယ်။ နည်းဥပဒေက နောက်မှထွက်လာမှာ။ အဲဒီတော့မှ သူ့ရဲ့ Investment ဘယ်လောက် ၀င်ထားရမယ်ဆိုတာ ပါတယ်။ အဲဒီတော့မှ ကြိုပွိုင့်ဆိုတာ ဖြစ်သင့်တယ်။ အခုက အဲလိုမဟုတ်ဘူး။ ဒီဇိုင်းထွက်တာနဲ့ ကြော်ငြာပြီးတော့ ရောင်းတော့တာပဲ။ တချို့လည်း အဲဒီအနေအထားတွေနဲ့ ၀ယ်ထားတာတွေရှိတယ်။ ဒါကြောင့် ကတိတည်တဲ့သူ ရှိသလို မတည်တဲ့သူလည်း ရှိနိုင်တယ်။ လမ်းခုလတ်မှာတင် Father Land လို ဖြစ်သွားတဲ့သူလည်း ရှိနိုင်တယ်။ ပြောလို့မရဘူး” ဟု မြို့ရွာနှင့်အိမ်ရာ ဦးစီးဌာနမှ အငြိမ်းစားဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။
လက်ရှိအချိန်တွင် အိမ်ခြံမြေ ဈေးကွက်သည် အကျဘက်သို့ ဦးတည်နေပြီး ကျပ်သိန်း ၁၀၀၀ ခေါ်ထားသည့် တိုက်ခန်းများပင် ကျပ်သိန်း ၇၀၀ လောက်နှင့် ချရောင်းနေရသည့် အနေအထားများလည်း ရှိနေကြောင်း၊ အချို့မှာ မိမိတွင်ငွေရှိသောကြောင့် မဟုတ်ဘဲ ဘဏ်ချေးငွေများနှင့် ၀ယ်ယူမှုများရှိနေသည့်အတွက် ငွေပြန်ဖော်သည့် အနေဖြင့် ယင်းကဲ့သို့ ချရောင်းလာကြကြောင်း၊ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ အဆင့်မြင့် ကွန်ဒိုများကို ကြို ပွိုင့်ဖြင့် ၀ယ်ယူထားသော်လည်း အိမ်ခြံမြေဈေးကွက် ကျဆင်းလာသည့်အတွက် အရစ်ကျစနစ်ဖြင့် ဆက်လက်ပြီး ငွေပေးချေခြင်းမရှိဘဲ စရန်ငွေ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ အဆုံးခံသည့် ဖြစ်ရပ်များပင် ရှိနေကြောင်းလည်း သိရသည်။
“တကယ်ဖြစ်သင့်တာက စနစ်အတွင်းမှာ လှုပ်ရှားတာဖြစ်ရမယ်။ ရောင်းတဲ့သူက အသာယူထားတဲ့ စနစ်မှာဆိုရင် ၀ယ်တဲ့သူက တစ်ပန်းရှုံးတယ်။ တချို့ကလည်း ငွေပိုငွေလျှံရှိတာပါတယ်။ ၀ယ်ထားရင် အနာဂတ်အတွက် အကျိုးရှိနိုင်တယ်ဆိုတဲ့ အလားအလာကိုလည်း မှန်းကြတာလည်း ပါတယ်။ နောက်ပြီးတော့ နေရာအနေအထားပေါ့။ ဒါပေမဲ့ အားလုံးကို သိမ်းကျုံးပြီးတော့ ပရမ်းပတာ ဖြစ်မယ်လို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး” ဟု ဦးမြင့်ဆွေက သုံးသပ် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် ကွန်ဒိုတိုက် ခန်းများကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှစ၍ ကြော်ငြာအား ကောင်းကောင်းဖြင့် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချမှုရှိနေကြောင်း၊ လက်ရှိအချိန်တွင်မူ ဈေးကွက်ကျဆင်း လာသည့်အတွက် လည်းကောင်း၊ ရောင်းချသည့် ကုမ္ပဏီများမှ တစ်စုံတစ်ရာ အာမခံချက်မပေးနိုင်သည့် အတွက်လည်းကောင်း၊ ကြိုပွိုင့်ဝယ်ယူသူများ အခက်တွေ့နေကြောင်း သိရသည်။
အမှန်တွင် ဥပဒေအထွက်သေးသော်လည်း ဆောက်လုပ်နိုင်ကြောင်း၊ သို့သော် ကွန်ဒို၏ သဘောသဘာဝမှာ ရှယ်ယာတန်ဖိုးကိုသာ သတ်မှတ်ပေးလေ့ရှိကြောင်း၊ “အမှန်ကတော့ ဥပဒေမထွက်သေးပေမယ့် အခုဆောက်ချင်တယ် ဆိုရင်တော့လည်း ဆောက်တာကတော့ ဆောက်လို့ရပါတယ်။ တချို့ကွန်ဒို အတိုင်းပဲ Share Value သတ်မှတ်ပေးတယ်။ အဲလိုအာမခံချက် ပေးတာတွေရှိတယ်။ ဆိုလိုတာက ဥပဒေထွက်လာရင် ကွန်ဒိုအခွင့်အရေး ပေးမယ်ဆိုတဲ့ အာမခံချက်လိုတယ်။ အဲဒီလို Declare လုပ်ရဲလား။ ကျွန်တော်တို့ကတော့ အဲလိုဖြစ်စေချင်တယ်။ ကွန်ဒိုဆိုတဲ့ စကားလုံးလောက်နဲ့တော့ မလုံလောက်ဘူး။ ခိုင်မာမှုဆိုတဲ့နေရာမှာ ပိုင်ဆိုင်မှု ခိုင်မာတယ်။ ဆောက်လုပ်တာ ခိုင်မာတယ်ဆိုတာတွေအပြင် ဒီစနစ်ကို ကျင့်သုံးမယ်ဆိုတဲ့ ခိုင်မာမှုလိုတယ်။ ဒီပုံစံအတိုင်းသွားမယ် ဆိုတာကိုလည်း အာမခံနိုင်ရမယ်။ စရောင်းကတည်းက ဒါကိုရှင်းပြနိုင်ရမယ်။ နောက်တစ်ခုက အရောင်းဟာ ဆောက်လုပ်ခွင့်ကျပြီးသား အရောင်းပဲဖြစ်သင့်တယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ သူ့ရဲ့ Investment ၀င်ပြီးသား အရောင်းပဲ ဖြစ်သင့်တယ်။ ဒါမှ Reliable ရှိမယ်။ ယုံကြည်စိတ်ချရမှုရှိမယ်။ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ Physically ကိုဝင်နေပြီ။ အဲတော့ ၀ယ်ရတဲ့သူကလည်း သတ္တိရှိတာပေါ့။ နောက်တစ်ခုက ကုမ္ပဏီရဲ့ Profile ကိုလည်း ကြည့်သင့်သေးတယ်။ ဒီကုမ္ပဏီက ဒီနယ်ပယ်မှာ ဘယ်လို သမိုင်းကြောင်းမျိုးရှိလဲ။ လုပ်နေကျ ကုမ္ပဏီကြီးတွေဆိုရင်တော့ ကောင်းတာပေါ့။ ဒါမှသာ တစ်စုံတစ်ရာ အာမခံချက် ပေးနိုင်မှာပါ” ဟု ဦးမြင့်ဆွေက ပြောကြားသည်။
လက်ရှိအချိန်တွင် ကွန်ဒိုဥပဒေသည် ထွက်ပေါ်မလာသေးသည့်အတွက် တကယ်တမ်း ကွန်ဒိုဥပဒေ ထွက်ပေါ်လာပါက လက်ရှိဆောက်လုပ်နေသော ကွန်ဒိုအမည်ခံများ ကွန်ဒိုအဖြစ် မှတ်ပုံတင် မတင် ဆိုသည်ကိုလည်း မသိရသေးကြောင်း၊ ကွန်ဒိုဥပဒေသည် လွှတ်တော်နှစ်ရပ်လုံးတွင် ဆွေးနွေးပြီး ပြည်ထောင်စု လွှတ်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် လာမည့်လွှတ်တော်သက်တမ်း ကာလအတွင်း ထွက်လာမည်ဟု မျှော်လင့်ရကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင် အကောင်အထည်ပြီးသော စီမံကိန်းအများအပြား ရှိနေကြောင်း၊ Golden City၊ Dagon City၊ Diamond Inya Palace၊ Kantharyar Consortium Tower၊ 68 Residence၊ Hantharwady Complex၊ Star City၊ Sayarsan အဆင့်မြင့်ကွန်ဒို စသဖြင့် ကွန်ဒိုစီမံကိန်းကြီးများလည်း ဆောက်လုပ်နေကြကြောင်း သိရသည်။
“အခု ကွန်ဒိုမီနီယံဥပဒေဆိုတာ မူကြမ်းတော့ထွက်ပြီ။ အချောမထွက်သေးဘူး။ အနည်းဆုံး တစ်ဧကပေါ်မှာ ဆောက်ရမယ်။သူကတော့ စုပေါင်းပိုင်ပေါ့။ မြေကြီးလည်း စုပေါင်းပိုင်တယ်။ အဆောက်အဦလည်း စုပေါင်းပိုင်တယ်။ အခန်းဝယ်ရင် အဲဒီအခန်းကို သီးသန့်ကိုယ်ပိုင်တယ်။ ကိုယ်ဝယ်ထားတဲ့ အခန်းကိုယ်ပိုင်တယ်။ အဲဒီမှာ ရှစ်ထပ်နဲ့အထက်ကို နိုင်ငံခြားသားက ၀ယ်ယူခွင့် ရှိတယ်လို့ပါတယ်။ ဆိုရင် အဲဒီကွန်ဒို တိုက်ခန်းဝယ်တဲ့သူသည် မြေကြီးရော အဆောက်အဦရော စုပေါင်းပိုင်တယ်” ဟု မေလ ဆန်းပိုင်း၌ ကျင်းပခဲ့သည့် အိမ်ခြံမြေပြပွဲတွင် ရှေ့နေများအသင်း ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇေယျက ပြောကြားသည်။
ရန်ကုန်မြို့တွင် ပိုင်ဆိုင်မှုနှင့် ပတ်သက်ပါက ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ စသဖြင့်ရှိနေပြီး ဂရန်မြေ၏ သဘောသဘာဝသည် အစိုးရထဲမှ အခကြေးငွေဖြင့် ငှားရမ်းထားသည့် သဘောဖြစ်ကြောင်း၊ ဂရန်သက်တမ်း ကုန်ဆုံးသွားပါက အစိုးရထံတွင် သက်တမ်းတိုးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်ါက ရှုပ်ထွေးမှုများ ရှိကြောင်းလည်း သိရသည်။
“ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာမှာမရှိတဲ့ အစဉ်အလာ စ်ခုရှိတယ်။ ဒါပေမဲ့ ရန်ကုန်တစ်မြို့တည်းရှိတာ။ အဲဒါအပျောက်စနစ်ပဲ။ တိုက်ခန်းတွေဝယ်နေတာ အပျောက်စနစ်နဲ့ ၀ယ်နေတာ။ ဆိုလိုတာက တိုက်ခန်းတွေ ငွေကြိုပေးပြီး ၀ယ်ကြတာတွေ။ အဲဒါ တကယ်ပိုင်လို့လား။ တချို့သိန်း ၄၀၀၀၊ ၅၀၀၀ ပေးရတယ်။ နေရာကောင်းရင် သိန်းတစ်သောင်းတောင် ပေးရတယ်။ ကွန်ဒိုဆိုရင် ပေးရပြီပေါ့။ ကွန်ဒိုကတော့ ပြဿနာမရှိဘူး။ ဒီစနစ်နဲ့သွားရိုးမှန်ရင် အခန်းနဲ့မြေကြီး သူပိုင်တယ်။ ကွန်ဒိုမဟုတ်တဲ့ တိုက်ခန်းတစ်ခု သိန်း ၈၀၀၀ ပေးဝယ်ထားလည်း ခင်ဗျားတို့ မပိုင်ဘူး။ အခန်းကို ခင်ဗျားတို့ဝယ်တာ မဟုတ်ဘူး။ နေခွင့်ကိုဝယ်တာ။ ဒါကြောင့်ကိုယ်မပိုင်လို့ အိမ်ရှင်ကို လခပေးနေရတာ။ အိမ်ရှင်ကို လခပေးနေရတယ် ဆိုကတည်းက ကိုယ်မပိုင်ဘူး။ သိန်း ၈၀၀၀ ပေးလည်း ကိုယ်မပိုင်ဘူးနော်။ အိမ်ငှားဟာ အိမ်ငှားပဲ။ အဲဒါ အပျောက်စနစ်ဆိုတာ ဥပဒေမှာ မရှိဘူး။ ပေးလိုက်တဲ့ငွေ ပျောက်သွားလို့ အပျောက်စနစ်လို့ခေါ်တာ။ အပျောက်ဆိုတာ ဥပဒေ စကားလည်း မဟုတ်ဘူး။ ဒီအပျောက်စနစ်က ကုန်ဈေးနှုန်းတွေ တက်တက်လာတော့ ပိုဆိုးတာက တိုက်ခန်းတစ်ခန်းက သိန်း ၈၀၀၀ လောက်အထိ ဖြစ်လာတယ်” ဟု ဦးကျော်ဇေယျက ဆက်လက်ပြောကြားသည်။
“အပျောက်စနစ်ဆိုတာ နေခွင့်ကိုရတာ။ နေခွင့်ရတော့ အခွင့်အရေး ဘာရလဲဆိုရင် စပေါ်သမားရှိတယ်။ နှစ်ချုပ်သမားရှိတယ်။ အပျောက်သမားရှိတယ်။ အားလုံးဟာ အိမ်ငှားချည်းပဲ။ စပေါ်လည်း အိမ်ငှားပဲ။ နှစ်ချုပ်သမားလည်း အိမ်ငှားပဲ၊ အပျောက်သမားလည်း အိမ်ငှားပဲ။ တစ်ခုတော့ရှိတယ်။ အပျောက်သမားက သူနေတဲ့နေခွင့်ကို တစ်ဆင့်ပြန်ရောင်းလို့ရတယ်။ ဒါသာတယ်ပေါ့။ စပေါ်သမားကတော့ သူနေတဲ့အခန်း ပြန်ရောင်းလို့ မရဘူးပေါ့။ အဲဒီအပျောက်သမားက ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေနဲ့ ငြိစွန်းလို့ အိမ်ရှင်က နေနှင်လို့ရှိရင် သိန်း ၈၀၀၀ နဲ့ ၀ယ်ထားလည်း ဖယ်ပေးရတယ်။ အဲဒီတော့ အပျောက်သမားက ပြန်ရောင်းလို့ရတာ တစ်ခုပဲရှိတယ်။ ပြန်ရောင်းလို့ရရင် ဘာလုပ်ရသလဲ ဆိုတော့ မြေရှင်အိမ်ရှင်ဆီသွားပြီး အခန်းဝယ်တဲ့သူက ၀ယ်တဲ့သူ အမည်ပေါက်အောင် နာမည်ပြောင်းခ လက်မှတ်ထိုးရတယ်။ နာမည်ပြောင်းခ ဘယ်လောက်ပေးရလဲဆိုရင် တချို့ကတော့ ၃၀၀၀၀ ပေါ့။ တချို့က ၅၀၀၀၀ ပေါ့။ အမျိုးမျိုး ရှိပါတယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။
မြန်မာနိုင်ငံတွင် အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်မှုများသည် ဈေးကြီးမြင့်သော်လည်း သေချာရေရာမှု၊ ခိုင်မာမှု သိပ်မရှိကြောင်း၊ ဆောက်လုပ်နေသော တိုက်ခန်းများ၊ ကွန်ဒိုများသည်လည်း ဘိုးဘွားပိုင်မြေထက် ဂရန်မြေများတွင် ဆောက်လုပ်မှုက ပိုများနေကြောင်း၊ ခိုင်မာမှုမရှိသည့် တိုက်ခန်းများအား ကြိုပွိုင့်ဖြင့် ၀ယ်ယူခြင်းသည်လည်း အနာဂတ်အတွက် စိတ်ချနိုင်သည့် အခွင့်အရေး နည်းပါးကြောင်း အိမ်ရာ အဆောက်အအုံ ကဏ္ဍဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ် မှ ၂၀၁၀ ခုနှစ်အတွင်း တစ်နှစ်လျှင် အခန်းပေါင်း ၇၂၀၀ နှင့် စုစုပေါင်း ၃၆၀၀၀ ကို ငါးနှစ်အတွင်း ဆောက်လုပ်ခဲ့သည်ဟု ထုတ်ပြန်ထားကြောင်း၊ ယခုအစိုးရ လက်ထက်တွင်မူ ရန်ကုန်မြို့၌ပင် တစ်နှစ်လျှင် အထပ်မြင့်နှင့် အထပ်နိမ့် အလုံးပေါင်း ၄၀၀၀ နှင့်အထက် ဆောက်လုပ်လာကြကြောင်း သိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အထပ်မြင့်နှင့် အထပ်နိမ့် စုစုပေါင်း ၁၈၇၈ လုံး၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၃၀၄၆ လုံး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၃၉၂၈ လုံး၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ဇွန်အထိ ဆောက်လုပ်ခဲ့သည့် အထပ်မြင့်အထပ်နိမ့် အဆောက်အအုံ အလုံးပေါင်း ၂၃၇၂ လုံး ဆောက်လုပ်ထားကြောင်း သိရသည်။
တရားဝင် ကိန်းဂဏန်းအရမူ လေးနှစ်အတွင်း အထပ်မြင့် အထပ်နိမ့် အလုံးပေါင်း ၁၁၀၀၀ အထက် တည်ဆောက်ခဲ့ကြောင်း၊ သို့သော် စီးပွားဖြစ်တည်ဆောက်ခဲ့သည့် အထပ်မြင့် အထပ်နိမ့်အဆောက်အအုံ အများစုသည် ကြိုပွိုင့်စနစ်ဖြင့် ဘဏ်ချေးငွေဖြင့်သာ ဆောက်လုပ်နေကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Credit: eleven media group