၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် မြန်မာ့ အိမ်ခြံမြေ ဈေးကွက်မျှော်မှန်းချက်
၂၀၁၂ မှ ၂၀၁၄ ခုနှစ်အထိ အိမ်ခြံမြေအဆောက်အအုံလောကတွင် စင်ပေါ်ကမင်းသားများမှာ ကန်ထရိုက်များ ဖြစ်ပါသည်။ ရန်ကုန်မြို့အတွင်းကို ပိုမိုစည်ကားအောင် အားဖြည့်ပေးထားသည့် သင်္ဃန်းကျွန်း၊ တာမွေ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံ မြို့နယ်များတွင် ကန်ထရိုက်ဆောက်လုပ်နေသည်ကို အများအပြားတွေ့မြင်နိုင်ပါသည်။ အင်းစိန်၊ မရမ်းကုန်း၊ ကမာရွတ်၊ သမိုင်း၊ လှိုင်မြို့နယ်များသည်ပင်လျှင် အဆိုပါမြို့နယ်များကို အမှီမလိုက်နိုင်ဟုဆိုရမည်။
အော်… အခုတော့ ဒီလိုမဟုတ်ပြီ။
နေ့စဉ်နှင့်အမျှ တိုက်ခန်းဝယ်လိုသူ၊ ကြိုပွိုင့်ဝယ်လိုသူများက ကားနှင့်တစ်လမ်းဝင်တစ်လမ်းထွက် စုံစမ်းကြသည်။ စိတ်တိုင်းကျရှာမရသည့်အခါ မြေလိုချင်သည့် လမ်းတွင်ပွဲစားအိမ်ရှာကြပြန်သည် ယင်းကာလက လူအစည်ကားဆုံးနေရာသည် ရပ်ကွက်၊ လမ်းစုံနှင့် ကားမှတ်တိုင်အနီးရှိ လဖက်ရည်ဆိုင်များဖြစ်သည်။
အော်… အခုတော့ ဒီလိုမဟုတ်ပြီ။
လက်ဖက်ရည်ဆိုင်များတွင်လည်း ပုံမှန်သောက်သူများသာတွေ့ရသည်။ အရင်ကလို အခြားနေရာကနေ ကားနှင့်လာကြတိုက်ခန်းအပြေးအလွှားရှာနေသူများ ကြိုပွိုင့်တိုက်ခန်းလိုက်လံစုံစမ်းနေသူများ မရှိသလောက်နည်းနေသည်။ သတင်းစာ၊ ဂျာနယ်၊ စာစောင်များဖတ်လိုက်လျင်လည်း အိမ်ခြံမြေဈေးများ အေးစက်နေသည်ဟု သုံးသပ်ရေးသားထားသည်ကို ဖတ်ရှုရသည်။ ကန်ထရိုက်တွေ စည်းကမ်းဖောက်လို့ အရေးယူလိုက်ရတဲ့ သတင်းတွေ မြတ်ဗုဒ္ဓဟောကြားသည့်အတိုင်း အကြောင်းကြောင့်အကျိုးဖြစ်လာသည် ဟုသာ ဆိုရပေတော့မည်။ (၁၃.၃.၂၀၁၅) နေ့ ထုတ် မြို့တော်သတင်းစာမှ သတင်းထောက် ကျော်စိုးသူ (City News) ၏မျက်နှာဖုံး သတင်းကိုဖတ်ကြည့်လိုက်ရာ သင်္ဃန်းကျွန်းမြို့နယ်တွင် အဆောက်အအုံဆောက်လုပ်ခွင့် တင်ပြသည့်အရေအတွက်မှာ (၁၆၀၀) နီးပါးရှိသည်ဟု သိရသည်။ ငွေလာရောက်မသွင်းသေးသည့် အဆောက်အအုံ (၈၈)ကျော်ရှိကြောင်း၊ ခွင့်ပြုမိန့်မရသေးသည့် အဆောက်အအုံ (၃၉) လုံးနှင့် ခွင့်ပြုမိန့်ရရှိပြီး အဆာက်အအုံ (၁၉၉) လုံးရှိကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ(အဆောက်အအုံ)ယာ/ပုံ ဌာနနှင့် ဆက်သွယ်ခြင်းမရှိဘဲ ခွင့်ပြုချက်မရှိဘဲဆောက်လုပ်ထားသည့် အရေအတွက် (၈၀၀)ကျော် ရှိကြောင်းသိရသည်။
ပိုင်ဆိုင်မှု မမှန်ကန်ခြင်း၊ ခွင့်ပြုချက်သက်ကျော်လွန်ခဲ့ခြင်းများရှိ
ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းတွင် သင်္ဃန်းကျွန်းမြို့နယ်သည် အရေးယူမှုအများဆုံးမြို့နယ်ဖြစ်ကြောင်း သိရသည်။ အဆောက်အအုံပေါင်း ၇၉၆ လုံးအရေးယူထားကြောင်းလည်း သိရသည်။ (က) ရပ်ကွက် (င/က) ရပ်ကွက်၊ (ဆ/က) ရပ်ကွက်တို့တွင် အရေးယူမှုအများဆုံးဖြစ်ကြောင်း သိရသည်။ ယင်းသို့အရေးယူ ဆောင်ရွက်ရခြင်းမှာ အဆောက်အအုံဆောက်လုပ်ခွင့် လျောက်ထားရာတွင် ပိုင်ဆိုင်မှု မမှန်ကန်ခြင်း၊ ခွင့်ပြုထားသော အထပ်မြင့်ထက် ပို၍ဆောက်လုပ်ခြင်းနှင့်အခြားသော စည်းကမ်းချက်များ မလိုက်နာခြင်းဖြစ်ကြောင်း ရန်ကုန်မြိုကတော် စည်ပင်သာယာရေး ကော်မတီအရှေ့ပိုင်းခရိုင် အင်ဂျင်နီယာဌာနမှ ဌာနခွဲမှူး ဦးခွန်ထွန်းအောင်က ပြောကြားသည်။
အိမ်ခြံမြေဈေးကွက်နှေးကွေးသွားရခြင်း အကြောင်းအရင်းများ
အိမ်ခြံမြေဈေးကွက်နှေးကွေးသွားရခြင်း၏အကြောင်းအရင်းများတွင် အချို့သောလုပ်ငန်းများ အရှုပ်အရှင်းဖြစ်ပေါ်ခဲ့ခြင်း၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံများဖြိုဖျက်ခြင်း၊ စီမံကိန်းအချို့လုပ်ဆောင်မည်ဆိုသော နေရာများတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ခဲ့ပြီးနောက် အကောင်အထည်ဖော်ထားမှု မရှိခြင်းများကြောင့် ဖြစ်ကြောင်း သတင်းထောက်မိုးမိုးကြည်က မြို့တော်သတင်းတွင် မြန်မာ့အိမ်ခြံမြေဈေးကွက် နှေးကွေးလျက်ရှိကြောင်း ဖော်ပြထားသည်ကို ဖတ်ရှုရသည်။
ထို့အတူ အိမ်ခြံမြေ အကျိုးဆောင် ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ကောလဟာလဖြစ်ပေါ်သည့် စီမံကိန်းများတွင် မှားယွင်းရင်းနှီးမြုပ်နှံမှု၊ တိုးမြင့်သတ်မှတ်မှု၊ ရွေးကောက်ပွဲအခြေအနေအပေါ် စောင့်ကြည့်နေမှု ဈေးကွက်အတွင်း ငွေမည်းများဝင်ရောက်လာမှု ထိန်းချုပ်ရန်အစိုးရ၏ ကြိုးစားမှုနှင့် ကာလကြာရှည်ဈေးနှုန်း မြင့်မားခဲ့မှုများသည် ယခုကဲ့သို့ အိမ်ခြံမြေဈေးကွက် နှေးကွေးရခြင်း၏ အကြောင်းအရင်းများ ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်ဟု သိရသည်။
လက်ရှိ အနိုင်ရပါတီက ကျေးလက်ပြည်သူတွေကို ငွေထုတ်ချေးမလား
၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲကို အောက်တိုဘာ၊ နိုဝင်ဘာတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲမဲဆွယ်ရန် လက်ရှိအနိုင်ရပါတီက ငွေပုံအောမည့် သတင်းထွက်နေကြောင်းသိရသည်။ လူဦးရေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများကို စည်းရုံးရန်ငွေထုတ်ချေးခြင်း၊ ထောက်ပံ့မှုပေးခြင်းများ ပြုလုပ်လာနိုင်သည်။ ယင်းသို့ပြုလုပ်ရန် ပြည်ပဘဏ်ကြီးများ၌ စုဆောင်းထားသည့် ဒေါ်လာငွေ ဘီလီယံပေါင်းများကို ထုတ်ယူသုံးစွဲမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။ ဤသတင်းမှန်လျှင် ပြည်သူတို့လက်ထဲ ငွေကြေးများစွာရောက်ရှိလာမည်။ ငွေကြေးပို၍ဖောင်းပွမည်။ ကုန်ဈေးနှုန်းလည်း အတက်ဘက်သို့ ဦးတည်လာမည်ဖြစ်သည်။
၂၀၁၅ ရေးကောက်ပွဲအလွန်မျှော်လင့်ချက်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီး အေးငြိမ်းစွာ အောင်မြင်စွာ ကျင်းပပြီးပါက မြန်မာနိုင်ငံအပေါ်ထားရှိသော နိုင်ငံတကာအမြင်များ သိသိသာသာ တိုးတက်လာမည် ထိုအခါ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ အားကောင်းလာပြီး နိုင်ငံခြားသားများ ၀င်ရောက်လာကာ အိမ်ခြံမြေတိုက်ခန်းများ ၀ယ်လိုအားကောင်းလာမည်၊ ဈေးတက်လာမည်ဖြစ်သည်။
အာဖတာ(AFTA) အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဧရိယာနှင့် အေဘီစီ (AEC) အာဆီယံအသိုက်အ၀န်းကို ၂၀၁၅ ခုနှစ်အတွင်း အာဆီယံနိုင်ငံများတွင် စတင်ကျင့်သုံးမည်ဖြစ်သည်။ ဤသို့ပေါ်ထွန်းလာပါက အိမ်နီးချင်းနိုင်ငံများမှ အိမ်ခြံမြေရောင်းဝယ်ရေးကို တွက်ခြေအကိုက်ဆုံး ရင်းနှီးမြုပ်နှံမှုအဖြစ် ထင်လာချေများစွာရှိသည်။ ဤသို့ဝင်ရောက်ရင်းနှီးမြုပ်နှံမှုများကြောင့် ရန်ကုန်၊ မန္တလေးတို့တွင် အိမ်ခြံမြေဈေးကွက် တန်ဖိုးမြင့်တက်လာနိုင်ချေရှိလာမည်ဖြစ်ကြောင်း စာရေးဆရာ အောင်ချိန်ဘွား၏ အိမ်ခြံမြေဈေးကွက်တွက်ချက်နည်းများ ဆောင်းပါးကို အတွဲ (၁) အမှတ် (၂၁) ဖေဖော်ဝါရီလထုတ် The Builders Journal တွင် ရေးသားဖော်ပြထားသည်ကို ဖတ်ရှုရသည်။
လက်ရှိအခြေအနေတွင် မျှော်မှန်းရခက်ခံနေသော မြန်မာ့အိမ်ခြံမြေလောက ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် မြေပိုင်ရှင်များမှ ပိုင်ဆိုင်မှုမှန်ကန်စွာ တင်ပြရန်လိုအပ်သလို ကန်ထရိုက်တာများအနေဖြင့်လည်း အထပ်မြင့်အဆောက်အအုံများကို ခွင့်ပြုချက်ထပ်ပို၍ မဆောက်မိဖို့ လိုအပ်သည်။ အိမ်ခြံမြေဈေးကွက် နှေးကွေးရခြင်းအကြောင်းများမှာ ၂၀၁၅ရွေးကောက်ပွဲနှင့်လည်း သက်ဆိုင်ကြောင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးပါက အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးနှင့် အာဆီယံအသိုက်အ၀န်းရှိ အိမ်နီးချင်းနိုင်ငံများက ရင်းနှီးမြုပ်နှံမှုများဝင်လာလျှင်မြန် မြန်မာ့အိမ်ခြံမြေဈေးများ ပြန်လည်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း…
ခေတ္တရာမြင့်အောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com