သင်္ကြန်အပြီးကို မျှော်နေတဲ့ အိမ်ခြံမြေဈေးကွက်….
မြန်မာနိုင်ငံသူနိုင်ငံသားတို့၏ နှစ်ဟောင်းမှအညစ်အကြေးများကိုဆေးကြေားနိုင်ရန် မြန်မာနှစ်သစ်ကူး ပွဲတော် သည်မကြာမီရောက်ရှိလာတော့မည်ဖြစ်သည်။ မြန်မာနှစ်သစ်ကူးပွဲတော်သို့ရောက်ရှိလာပြီဖြစ်၍ ပြည်တွင်းရှိ စီးပွားရေးဈေးကွက်မှာလည်းယခင်ထက် ငြိမ်သပ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် သင်္ကြန်ပွဲတော် နီးလာသည်နှင့်အမျှ အရောင်းအဝယ်အေးလာသည်မှာ နှစ်တိုင်းပင်ဖြစ်သည်။ သင်္ကြန်ပွဲတော်နီး လာသဖြင့် ကုန်ဈေးနှုန်းများမြင့်တက်သွားသော်လည်း ဇိမ်ခံပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများ မှာဈေးကျသွား လေ့ရှိသည်။
ယင်းကြောင့်လည်း လက်ရှိပြည်တွင်းအိမ်ခြံမြေဈေးကွက်နှင့် မော်တော်ယာဉ်ဈေးကွက်သည် ဝယ်လိုအားကျဆင်းခဲ့၍ ရောင်းအားများသိသိသာသာကျဆင်းလာခဲ့ပြီး၊ ဈေးကွက်သည်တည်ငြိမ်လျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ပြည်တွင်းရှိစားသုံးသူတို့သည် သင်္ကြန်ပွဲတော်ကို အဓိကထားနေသည့်အတွက် တန်ဖိုး ကြီးပစ္စည်းများကို ဝယ်ယူမှုနှင့် ရင်းနှီးမြှုပ်နှံမှု မပြုကြသည့်အတွက်ဖြစ်သည်။ ယခုအချိန်ဝယ်လျင်အရှုံးပြသည့် အတွက်လည်းဖြစ်ပေသည်။ “ အခုချိန်က ဝယ်လက်ပါးတဲ့အချိန်လေ၊ ရောင်းတာငှားတာကပုံမှန်ထက်နည်းသွား တယ်ဆိုပေမဲ့ သင်္ကြန်ကာလအတိုင်းဒီလိုပါပဲ။ ပုံမှန်လို့ပဲဆိုရမှာပေါ့။ သင်္ကြန်အနားနီးရင် customer တွေက အဝယ်မလိုက်ကြဘူး။
သင်္ကြန်ပြီးမှဈေးကွက်ပြန်စတာများတယ်။ ၄ လပိုင်းတစ်လလုံး ဈေးကွက်ကအေးနေမှာ ပဲ။ နောက်ပြီး အစိုးရရဲ့ ဘဏ္ဍာနှစ်လျာထားချက်ပေါ်လည်းမှုတည်နေတယ်။” ဟု အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက လက်ရှိဖြစ်ပေါ်နေသောဈေးကွက်ကိုသုံးသပ်ပြောကြားခဲ့သည်။
လက်ရှိ ရန်ကုန်မြို့၏ China Town ဟုခေါ်ဆိုသောလသာလမ်းနှင့် ၁၅ လမ်းပတ်ဝန်းတွင် အရောင်းခန်းများရှားပါးပြီး အငှားအခန်းများသာရှိနေကြောင်းလည်းရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်မှ သိရသည်။ လသာလမ်းလေးလွှာ ပေ၂၀xပေ၆၀ ကိုကျပ်သိန်း၁၅၀၀ ဖြင့်ရောင်းရန်ဈေးခေါ်ထားကာ ၁၇ပေxပေ၆၀ ကိုကျပ်သိန်း ၁၁၀၀ဖြင့်လည်းကောင်း၊ လမ်းမတော်လမ်း ၂၅ပေx ပေ၅၀ ၉လွှာတိုက်သစ်ကို ကျပ်သန်း၁၉၀၀ ဖြင့်လည်းကောင်း၊ စဉ့်အိုးတန်းလမ်း ၁၈ပေx ပေ၆၀ ပြင်ဆင်ပြီး ၈ လွှာရှိအခန်းကိုကျပ်သိန်း ၈၅၀ ဈေးအသီးသီး ခေါ်ထားသော်လည်း ဝယ်လက်မရှိသေးသည့်အပြင် ရောင်းဈေးကိုပါ အကျိုးဆောင်အချို့မှ မတန်တဆဈေးကို လျှော့ပေးရန်တောင်းဆိုသည့်အတွက် အရောင်းအဝယ်မဖြစ်သေးကြောင်းသိရသည်။
“ တိုက်ခန်းဝယ်ဖို့ လာမေးတဲ့လူတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ခေါ်ဈေးထက်ပေးဈေးကတော်တော်နည်းတယ်။ ကိုယ့်ဘက်က တက်နိုင်သလောက်လျှော့ရောင်းတာကို ဝယ်လက်ကဈေးကိုခြူသံပါအောင်ကိုဆစ်တာ။ တရုတ်ဝယ်လက်တွေ ကတော့ တောင်းဈေးထက်နည်းနည်းပဲ လျှော့ပေးလို့ရပေမဲ့ သူနဲ့ပါလာတဲ့စကားပြန်ပွဲစားကို အကျိုးဆောင်ခက အများကြီးပေးရတာတွေရှိတယ်။ ပြောရရင်အခုချိန် ကိုယ့်တိုက်ခန်းကိုထုတ်ရောင်းလည်း အမြတ်ရမှာ မဟုတ်ဘူး၊ သင်္ကြန်ပြီးမှပဲ အရောင်းအဝယ်လုပ်တော့မယ်” ဟုလသာမှ တိုက်ခန်းရောင်းမည့်သူတစ် ဦးက လက်ရှိဈေးကွက်အပေါ်သုံးသပ်ပြောကြားခဲ့သည်။
ထို့အပြင်မြန်မာတို့၏ ရှေ့အဆိုအမိန့်အရ “တပေါင်း တန်ခူးငှက်တောင်အသိုက်မပြောင်း” ဟူသော ဆိုရိုးစကားရှိခဲ့သည့်အတွက် ပြည်တွင်းအိမ်ခြံမြေဝယ်ယူရန်လိုအပ်နေသူများမှာလည်း သင်္ကြန်အတွင်းဝယ်ယူ ရန်အတွက် ကြောက်ရွံ့ကြကာ သင်္ကြန်အတွင်း ကုန်ဈေးနှုန်းအားလုံးမြင့်တက်သဖြင့် အိမ်ခြံမြေဈေးပါတတ်လာ နိုင်သည့်အထင်နှင့် မဝယ်ယူကြပေ။ ဤသို့ဖြင့် သင်္ကြန်ကာလအရောက်တွင် ပြည်တွင်းအိမ်ခြံမြေဈေးကွက်မှာ အရောင်းဈေးကွက်အပြင် အငှါးဈေးကွက်ပါပျောက်ဆုံးနေလေသည်။
လက်ရှိအိမ်ခြံမြေဈေးကွက်မှတွင် ဝယ်လက်များအပြင် ရောင်းချသူများကပါသင်္ကြန်ကာလအလွန်ကို စောင့်မျှော်နေကြသည်။ သင်္ကြန်ကာလအ တွင်း ရောင်းချခြင်း၊ ဝယ်ယူခြင်းပြုပါက ရောင်းမှား၊ ဝယ်မှားဖြစ်နိုင်သည့်အတွက် ဝါရင့်အကျိုးဆောင်များက လည်း သင်္ကြန်ကာလအတွင်း အိမ်ခြံမြေဝယ်ယူခြင်းကို တတ်နိုင်သမျှလျှော့ကြသည်။ “ သင်္ကြန်အတွင်းမှာ ဘာမှ ဝယ်တာ၊ ရောင်းတာ မလုပ်တာကောင်းတယ်။ ဒီအချိန်က ဈေးကွက်နားတဲ့အချိန်လေ။ တော်ရုံတန်ရုံ ဆိုရင်မဝယ်သင့်ပါဘူး။ငွေအရမ်းလိုလို့ရောင်းတဲ့ အရမ်းဈေးသက်သာတဲ့အခန်းတွေ အိမ်တွေဆိုရင်တော့တစ် မျိုးပေါ့၊ ပုံမှန်နေမယ့်လူတွေ ဆိုလည်း သင်္ကြန်ပြီးမှအိမ်ကိစ္စကို စဉ်းစားတာကောင်းမယ်။
ဈေးကွက်ကသင်္ကြန်ပြီး မှ ပြန်ဖွင့်မှာလေ။သင်္ကြန် အတွင်းဝယ်တာပဲဖြစ်ဖြစ် ရောင်းတာပဲဖြစ်ဖြစ် ဈေးကတစ်သီးတစ်သန့်ဖြစ်နေလိမ့် မယ်။ ဈေးကွက်ဖွင့်မှ အလုပ်လုပ်တာကောင်းပါတယ်။” ဟု ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သင်္ကြန်ပြီးမှ အိမ်ခြံမြေရောင်းချခြင်း ဝယ်ယူခြင်းကိုလုပ်ကိုင်သင့်ကြောင့် အကြံပြုခဲ့သည်။ ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်မှာ နိုင်ငံရေးအနေအထားကို သာယာမှုပေါ်လည်းမှုတည်နေသည့်အတွက် ပြည်တွင်းအိမ်ခြံမြေဝယ်ယူရန် ရည်ရွယ်ထားသူများ အသေအချာစိစစ်သင့်သည်။
မည်သို့ပင်ဆိုစေကာမှု ပြည်တွင်းရှိအိမ်ခြံမြေရောင်းချရန်၊ ဝယ်ယူရန်ပြင်ဆင်နေသောသူများ ဝယ်မှား၊ ရောင်းမှား မဖြစ်စေရန်အတွက် သင်္ကြန်ကာလအတွင်းစိတ်ချမ်းသာ၊ လူချမ်းသာအနားယူကာ သင်္ကြန်ကာလ ကျော်မှ အမှားကင်းကင်းဖြင့် လုပ်ငန်းပြန်လည်လုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း……
လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com