ကျပ်ငွေတန်ဖိုးဖောင်းကြွမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့က ပြည်တွင်းအိမ်ခြံမြေဈေးပိုမိုမြင့်တက်လာ…..
လတ်တလောအတွင်း မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းမြင့်တက်နေသည်ဟူသည့် သတင်းကိုမည်သူ တစ်ဦးမျှ ခေါင်းခါနိုင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သည့်အတွက်ကြောင့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်း သည်မျှလောက်မြင့်တက်လာခဲ့သနည်းဟု မေးခွန်းထုတ်ရပေမည်။ စီမံကိန်းကြောင့်မြေဈေးတက်သည်ဟု ဆိုလျှင်လည်း မှန်ပေသည်။ သို့သော် စီမံကိန်းကြောင့် မြေဈေးတက်သည်ဆိုပါက စီမံကိန်းတည်ရှိရာပတ်ဝန်း ကျင်၌သာ အိမ်ခြံမြေဈေးနှုန်းမြင့်နိုင်ပြီး စီမံကိန်းတစ်ခုကြောင့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းမြင့်မားစွာ မမြင့်တက်နိုင်ပါ။ ယခုအခါမြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းမှာ ၂၀၁၀ခုနှစ် မတိုင်ခင်ဈေးနှုန်းနှင့်ပင်နှိုင်းယှဉ်လျှင် (၁၀)ဆကျော်မျှမြင့်တက်လာသည်ကိုတွေ့ရှိရသည်။ ယခင်ကျပ်သိန်း (၃၀၀၀)၊ (၄၀၀၀) သာဈေးရှိသည့်ခြံများ သည် ယခုသိန်းသောင်းချီ အထိဈေးပေါက်နေပြီဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးသည် နိုင်ငံတည်ငြိမ်မှုနှင့် နိုင်ငံရေးအခြေအနေ၊ မှုဝါဒပိုင်းဆိုင်ရာ တည်ငြိမ်မှုအပေါ်တွင် အဓိကမှီခိုနေသည်။ စီးပွားရေးသည် နိုင်ငံရေးနှင့် တိုက်ရိုက်အချိုးကျသည့် သဘောပင်ဖြစ်သည်။
နိုင်ငံရေးတည်ငြိမ်မှ နိုင်ငံသားတို့၏စီးပွားရေးလည်း တိုးတက် မည်။ စီးပွားရေးတိုးတက်မှ မြင့်တက်လာသော အိမ်ခြံမြေဈေးနှုန်းများကို နိုင်ငံသူ/သားတို့ ဝယ်ယူနိုင်မည်ဖြစ်သည်။ နိုင်ငံစီးပွားရေးတိုးတက်မှုမရှိဘဲ အိမ်ခြံမြေဈေးများမြင့်တက်နေလျှင် နိုင်ငံအား စီးပွားရေးလုပ်ငန်းရှင်တို့မှ ဝါးမျိုသွားလိမ့်မည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းမြင့်တက်လာရခြင်းမှာ စီမံကိန်းများထက် ကမ္ဘာရပ်ဝန်းတွင်အသုံးပြုနေ သည့် ငွေကြေးတန်ဖိုးမြင့်တက်မှုနှင့် မြန်မာကျပ်ငွေတန်ဖိုး လျှော့ကျမှုကြောင့်လည်းဖြစ်သည်။ ၂၀ ရာစုကျော် တွင်ဖြစ်ပေါ်ခဲ့သည် ကမ္ဘာ့စီးပွားရေးပျက်ကပ်မှု၌ အမေရိကန်ဒေါ်လာဈေးနှုန်းကျဆင်းခဲ့ရာ မြန်မာကျပ်ငွေတန်ဖိုး မှာလည်းကျဆင်းခဲ့သည်။ သို့သော် ပြည်တွင်းအိမ်ခြံမြေဈေးနှုန်းမှာ သိသိသာသာ ကျဆင်းသွားခြင်းမရှိဘဲ နှစ်စဉ်နှစ်တိုင်း မြင့်တက်လျက်ရှိခဲ့သည်။ ကမ္ဘာ့စီးပွားရေး ကပ် ကိုကျော်လွန်ပြီးအချိန်တွင်လည်း မြန်မာနိုင်ငံ၏ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကို မထိန်းချုပ်နိုင်သဖြင့် ပြည်တွင်းအိမ်ခြံမြေဈေးနှုန်းများမှာ မြန်မာနိုင်ငံသူနိုင်ငံသား အများစု ဝယ်ယူနိုင်သည့် ဈေးနှုန်းပမာဏထက် မြင့်တက်လာခဲ့သည်။
ယင်းမှာ ၂၀ ရာစု ကမ္ဘာ့စီးပွားရေးကပ်ကာလအကျော်တွင်ဖြစ်ပွားခဲ့သည့် ပြည်တွင်း အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှု၏ မြစ်ဖျားခံရာ ပင်ဖြစ်သည်။ ထို့အပြင် လက်ရှိတာဝန်ထမ်းဆောင် နေသော ဒီမိုကရေစီ အစိုးရလက်ထက်တွင်လည်း မြန်မာကျပ်ငွေ၏ တန်ဖိုးကိုမြင့်တက်အောင်မပြုလုပ်ပေးနိုင်သည့်အပြင် တန်ဖိုး ကျဆင်းခြင်းကို မထိန်းချုပ် နိုင်သည့်အတွက် မြန်မာကျပ်ငွေမှာ အရှေ့တောင်အာရှ၏ငွေကြေးတန်ဖိုးများအနက် အနိမ့်ကျဆုံးအဖြစ်သို့ ရောက်ရှိခဲ့သည်။ ယင်းအတွက် ပြည်တွင်းတရားဝင် ပိုင်ဆိုင်မှုများဖြစ်သော အိမ်ခြံမြေဈေးနှုန်းများမှာ အရှေ့တောင်အာရှ အိမ်ခြံမြေဈေးနှုန်းနှင့် ယှဉ်လျှင် မများသော်လည်း ပြည်တွင်းကျပ်ငွေတန်ဖိုး ကျဆင်းခြင်း ကြောင့်အိမ်ခြံမြေဈေးမှာ မြင့်တက်လာခဲ့သည်။ ယင်းမှာ မြန်မာနိုင်ငံ၏ အကျိုးအမြတ်ကို အရှုံးပြစေသော အကြောင်းရာပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လုပ်ခလစာမှာနည်းပါးနေသော်လည်း မြေဈေးနှုန်း၊ အိမ်ဈေးနှုန်း၊ ခြံဈေးနှုန်းများနှင့် ကုန်စည်ဈေးနှုန်းများမှာ အဆမတန်မြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့သည် ဈေးကောင်းရလျှင် မိမိပိုင်မြေကို ရောင်းချကာ မြို့ပြင်များ၌ သွားရောက် နေထိုင်မှုများပင်ရှိခဲ့ကြသည်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုမှလည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ကြီးမားသောနစ်နာမှုကြီးတစ်ခု ဖြစ်သည်။ မြန်မာငွေကြေးတန်ဖိုး ဖောင်းပွမှုကိုထိန်းချုပ်နိုင်ခြင်း မရှိသည့် အတွက်ကြောင့် ပြည်တွင်းအိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုကိုလည်း ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။ ယခုအခါတွင် ရန်ကုန်မြို့တွင်း တိုက်ခန်းများ မြေနေရာများ နေအိမ်များကို ပြည်တွင်း၌ အလုပ်လုပ်ကိုင်သူ သာမာန်ဝန်ထမ်းများမှာ ဝယ်ယူနိုင်ရန်မဖြစ်နိုင်ကြတော့ဘဲ လုပ်ငန်းရှင်များ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကသာ ဝယ်ယူလုပ်ကိုင်ကြတော့သည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဈေးနှုန်းကိုသိသိသာသာမြင့်တက်လာစေသည့် အခြားသောအကြောင်းရာတစ်ခု မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များပြားလာခြင်းကြောင့်ပင်ဖြစ်သည်။ ကုန်ပစ္စည်းအပေါ် ဝယ်လိုအားမြင့်တက် လာပါက ဈေးမြင့်တက်လေ့ရှိသည်။ ထိုနည်းသဘော အလျောက် အိမ်ခြံမြေဆိုသည်မှာလည်း ဝယ်လိုအားမြင့် တက်လာပါက ဈေးနှုန်းမှာ မြင့်တက်လာမည်ဖြစ်သည်။ ၂၀၁၀ နှောင်းပိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ စီးပွားရေးလုပ်ကိုင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ပိုမိုများပြားလာခြင်းကလည်း မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းများကို ပို၍မြင့်တက်စေခဲ့သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတို့သည် မြန်မာနိုင်ငံအတွင်း စီးပွားရေးပြုလုပ်နိုင်ရန်အတွက် အဆောက်အအုံ၊ မြေနေရာ နှင့် တိုက်ခန်း စသည်တို့လိုအပ်ကြသည်။ ထို့အတွက် ရင်းနှီးမြှုပ်နှံသူများက မြေယာ၊တိုက်ခန်းများကိုဝယ်ယူခြင်းမပြုသော်လည်း နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းမှုများပြုလုပ်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဆောင်ရွက်ကြသည်။ သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များပြားလာ သည့်အတွက် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် (၁၄) ခုရှိ အချက်အချာကျသော နေရာများသည် ဈေးအမြင့်ဆုံး သို့ရောက်ရှိခဲ့ပြီး ပိုင်ရှင်တို့မှာလည်း ယင်းမြေနေရာများကို ရောင်းချရန်ထက် ငှားရမ်းရန်ကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိနေကြသည်။ ယင်းအတွက်လည်း ရန်ကုန်မြို့ ၏ အဓိကအချက်အချာကျသော နေရာများ တွင်အရောင်း/အဝယ်ထက် ငှားရမ်းခြင်းမှာ ပို၍အလုပ်တွင်ကျယ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဈေးနှုန်းမှာ လည်း ပုံမှန်ဈေးနှုန်းထက်မြင့်တက်နေမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်တလောအိမ်ခြံမြေဈေးနှုန်းမှာ မြင့်တက်လျက်ရှိနေပြီး အနာဂတ်တွင်လည်း ဆက် လက်မြင့်တက်ဖွယ်ရှိနေသည်။ လက်တလော အိမ်ခြံမြေဈေးကွက်တွင်လည်း အရောင်းအဝယ်ပါးသော်လည်း အငှားဈေးကွက်မှာ နေ့တိုင်းလိုအလုပ်ဖြစ်နေသည်။ လူဦးရေနေထိုင်မှုများပြားသော မြို့ ကြီးများ၏ အိမ်ခြံမြေဈေးနှုန်းမှာ အခြားသော မြို့များထက် ပိုမိုမြင့်တက်နေဦးမည်ဖြစ်ကာ လက်ရှိမြန်မာနိုင်ငံ၏ အိမ်ခြံ မြေဈေးနှုန်းကို မြင့်တက်သွားစေသည့် တရားခံမှာ မြန်မာနိုင်ငံငွေကြေးဖောင်းကြွမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ ကြောင့်ပင်ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် အိမ်ခြံမြေဈေးမြင့်တက်လာသည်မှာ ပြည်တွင်း အလုပ်ကိုင် အခွင့်လမ်းနှင့် ဝင်ငွေတိုးတက်လာသည့်အတွက် ကောင်းသည်ဟုဆိုနိုင်သော်လည်း မြန်မာငွေကြေးဖောင်းကြွမှု ကို ယခုထက်ပိုမိုမကြီးထွားလာစေရန် တာဝန်ရှိသူတို့ ဆောင်ရွက်သင့်သည်။
လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com