အိမ်ဝယ်လိုသူ၊ အိမ်ပြင်လိုသူ၊ အိမ်အသစ်ဆောက်ချင်သူများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ပေးမည်
မြန်မာနိုင်ငံအတွင်း နေထိုင်သောပြည်သူများအနေဖြင့် ငွေကြေးအလုံးအရင်းဖြင့် အိမ်ဝယ်ယူခြင်း၊ အိမ်ပြင်လိုခြင်း၊ အိမ်အသစ်ဆောက်လုပ်ရန်အခက်အခဲရှိနေသူများကို ပြည်တွင်းရှိ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ နှစ်ရှည်ချေးငွေချထားပေးသွားနိုင်ရန်စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။
သို့သော်လက်ရှိငွေကြေးအနေအထားကြောင့် လေးနှစ်စီမံကိန်းဖြင့် အစိုးရနှင့်သက်ဆိုင်ရာစည်ပင်သာ ယာရေးကော်မတီများကအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရွှေလင်ဗန်းအိမ်ရာနှင့် မန္တလေးမြရည် နန္ဒာအိမ်ရာများအတွက်သာချေးငွေချထားပေးနိုင်သေးကြောင်း ဘဏ်၏သတင်းထုတ်ပြန်ချက်အရသိရှိရသည်။ ယင်းအိမ်ရာများအတွက် ချေးငွေရယူလိုသောသူများကိုလည်း အများဆုံးလေးနှစ်စီမံကိန်းဖြင့်သာ ချေပေးနိုင်ဦး မည်ဖြစ်ကြောင်းဘဏ်မှသတင်းထုတ်ပြန်ထားသည်။ ရွှေလင်ဗန်းအိမ်ရာနှင့် မြရည်နန္ဒာအိမ်ရာအတွက်ချေးငွေ လျှောက်ထားမည်ဆိုပါက-(၁)အိမ်ရောင်းသူနှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အကြား သဘောတူ ညီမှုရှိရမည်။ (၂) ချေးငွေယူလိုသူက သက်ဆိုင်ရာမြို့ နယ်ထောက်ခံချက်၊ ရပ်ကွက်ထောက်ခံချက်နှင့်အလုပ်လုပ်ကိုင်ကြောင်းထောက်ခံချက်များ (၃) ဝင်ငွေမည်မျှရှိရရှိကြောင်း ထောက်ခံချက်နှင့် မိသားစုဝင်ငွေများကိုတင်ပြရမည်ဖြစ်ပြီး၊ ပြန်လည်ပေးဆပ်နိုင်မှု ရှိ၊မရှိကို စိစစ်၍ထုတ်ချေးမည်ဖြစ်သည်။ (၄) အတိုး ၁၂ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ (၅) ချေးငွေကာလမှာ ၄နှစ်မှ နှစ်၂၀အထိဖြစ်သည် (လတ်တလောတွင် လေးနှစ်ချေးငွေသာရရှိမည်ဖြစ်ပြီး နိုင်ငံခြားချေးငွေရရှိပါက၁၀နှစ်မှ နှစ်၂၀အထိချေးငွေများကို ထုတ်ချေးမည်) ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ကြေငြာထားသည်။
ထို့အပြင်တိုက်ဆောက်လုပ်ရန်ချေးငွေရယူလိုသူများအနေဖြင့်-(၁) ပိုင်ဆိုင်မှုအထောက်အထားမြေ ဂရန်(မြေဂရန်အမည်ပေါက်စာချုပ်ရှိရမည်ဖြစ်ပြီး အဆင့်ဆင့်ချုပ်ဆိုထားသောစာချုပ်စာတမ်းများမရပေ) (၂) တိုက်ဆောက်ရန်ကုမ္ပဏီနှင့်ချုပ်ဆိုထားသောစာချုပ်ပါရှိရမည်။(၃)အိမ်ဆောက်လုပ်ရန်စည်ပင်သာယာရေး ကော်မတီနှင့် အိုးအိမ်ဦးစီးဌာန၏ ခွင့်ပြုချက်ရှိရမည်။
(၄) ဆောက်လုပ်မည့်အိမ်ကိုအာမခံအဖြစ်ထားရှိရမည် ဖြစ်ပြီး၊ အတိုး၁၂ရာခိုင်နှုန်းဖြင့် အိမ်ဆောက်လုပ်ပြီးစီးမည့် သက်တမ်းကာလအတွင်း ချေးငွေပြန်လည်ပေးဆပ် ရမည်။
(ဥပမာ- ဆောက်လုပ်မည့်သက်တမ်းကာလတစ်နှစ်ဆိုပါက တစ်နှစ်ချေးငွေရ မည်ဖြစ်သည်) ယင်းကဲ့သို့ပြု လုပ်ဆောင်ရွက်ပေးသည့်ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ မြန်မာနိုင်ငံတွင် အိမ်ဆောက်လုပ်ရန်၊ အိမ်ဝယ်ယူရန်နှင့် အိမ်ပြင်ရန်အတွက် ပထမဆုံးဝန်ဆောင်မှုပေးသည့် ဘဏ်လည်းဖြစ် သည်။
အဆိုပါစီမံကိန်းကြောင့်မြန်မာနိုင်ငံ၏ အနာဂတ်တွင် တိုက်ခန်း၊အိမ်ရာပိုင်ဆိုင်သူများ ပိုမိုများပြားလာနိုင် မည်ဖြစ်ကြောင်းလည်း ဈေးကွက်သုံးသပ်သူများထံမှစုံစမ်းသိရှိရသည်။
လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com