မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ (၂) သန်း ကူညီထောက်ပံ့
မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်ရန် အတွက် ဂျပန်နိုင်ငံမှ အမေရိကန် ဒေါ်လာ (၂) သန်း ကူညီ ထောက်ပံ့ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထံမှ သိရသည်။ မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပိုမိုရေရှည် တည်တံ့ရန်နှင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် အတွက် အထောက်အပံ့ ဖြစ်စေမည့် စီမံကိန်း တစ်ခု အနေဖြင့် မြို့ပြ စီမံခန့်ခွဲမှု အရည်အသွေး ဆိုင်ရာ သင်တန်းအား ဖေဖော်ဝါရီ (၂၆) ရက်နေ့တွင် စတင် ဖွင့်လှစ် လိုက်ကြောင်း သိရသည်။ မြို့ပြ စီမံခန့်ခွဲမှုတွေကို ဆောင်ရွက်နေသူတွေ အနေနဲ့ မြို့ကြီးတွေရဲ့ မြို့ပြ လုပ်ငန်းတွေ ထိထိ ရောက်ရောက် လည်ပတ်နေဖို့၊ စနစ်တကျ စီမံထားပြီး မျှတတဲ့ ဖွံ့ဖြိုးမှု ရှိဖို့နဲ့ ၀န်ဆောင်မှုတွေကို ပိုမို မျှတစွာ ခံစားရစေဖို့ ၊ သင်ကြားမှုတွေ အပါအ၀င် နိုင်ငံရဲ့ ပြောင်းလဲ နေတဲ့ အခြေအနေနဲ့ လိုက်လျော ညီထွေ တုံ့ပြန် ဆောင်ရွက်ပေး နိုင်ဖို့ ၊ အခု ဂျပန်နိုင်ငံရဲ့ ပံ့ပိုးမှု နဲ့ ဆောင်ရွက်မှုက အထောက်အကူ ဖြစ်ပါတယ် ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
အဆိုပါ စီမံကိန်းတွင် ဂျပန်နိုင်ငံမှ အမေရိကန် ဒေါ်လာ (၂) သန်းနှင့် မြန်မာနိုင်ငံ အစိုး ရမှ ဒေါ်လာ (၂၂၀၀၀၀) ထည့်ဝင်ထားပြီး အစိုးရ ၀န်ထမ်းများ အနေဖြင့် အခြေခံ အဆောက်အအုံနှင့် ၀န်ဆောင်မှု အတွက် စီမံခန့် ခွဲမှုနှင့် လုပ်ငန်းဆောင်တာ များအား ထိန်းညှိကာ မြို့ပြ ဖွံ့ဖြိုး တိုးတက်မှုကို စီမံခန့်ခွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဒီနည်းပညာ အထောက်အပံ့က တစ်ဆင့် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ထိရောက်တဲ့ မြို့ပြ စီမံခန့်ခွဲမှု လုပ်ငန်းတွေကို ဖော်ထုတ်မှာ ဖြစ်ပါတယ်။ ဒီလို ဖော်ထုတ်ပြီး ရေကြီးရေလျှံမှုနဲ့ ရေစီးရေလာစနစ် အတွက် စီမံခန့်ခွဲမှု၊ အမှိုက်၊ မိလ္လာ စီမံခန့်ခွဲမှု၊ ရေဖြန့်ဝေမှုနဲ့ မြို့ပြဆိုင်ရာ ၀န်ဆောင်မှုတွေ ပေးအပ်ရာ မှာ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လာစေဖို့ ရည်ရွယ်ပါတယ် ဟု မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဦးဆောင် ပညာရှင် အီရီဟွန်ဒါက ပြောသည်။ အဆိုပါ နည်းပညာ အထောက်အပံ့များမှ တစ်ဆင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ လားရှိုးနှင့် မုံရွာ စသည့်မြို့ (၆) မြို့တို့ တွင် ဦးစားပေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိရောက်သည့် မြို့ပြ စီမံခန့်ခွဲမှု လုပ်ငန်းများကို ဖော်ထုတ်မည် ဖြစ်ကြောင်း သိရသည်။
Credit: messenger