“ အိမ်ဆိုတာ အနွေးထွေးဆုံး၊ အအေးမြဆုံးအရိပ်ကလေးပါ” ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ရွှေပိုးအိမ်
Posted by Phoo Phoo (iMyanmarHouse.com)
မေး- ရွှေပိုးရဲ့ အိမ်လေးအကြောင်းကို အရင်မိတ်ဆက်ပေးဦးနော်။
ရွှေပိုးအိမ်လေးကတော့ လုံးချင်းလေးပေါ့နော်။ အရမ်းကြီး အကျယ်ကြီး မဟုတ်ဘူးဆိုပေမယ့် ကားလေးတွေလည်း ထားလို့ရတယ်။ နှစ်ထပ်အိမ်ပုံစံလေးပဲပေါ့ ။နှစ်ထပ်တိုက်ပုလေးပေါ့နော်။ အဲဒီမှာပဲနေနေတယ် အရမ်းကြီး ကြီးကျယ်ခမ်းနားတာမျိုးမဟုတ်ပေမယ့်လည်း မိသားစုထဲမှာ အမေရှိတယ်။ အမရှိတယ် အဖေနဲ့ အကိုကတော့ ဆုံးသွားပြီဆိုတော့ မိသားစုအစုံအလင် မပြည့်စုံပေမယ့်လည်း အမေနဲ့ အမရှိနေတယ်ဆိုတဲ့ စိတ်နဲ့တော့ အရမ်းကို လုံခြုံတယ် ။ အဓိကကတော့ အိမ်ကြီး အကြီးကြီးရှိတယ်ဆိုတာထက် ကိုယ်ချစ်တဲ့သူတွေ ကိုယ့်အနားမှာမရှိဘူး ၊ ကိုယ့်အမေတွေ ကိုယ့်အမတွေ မပြည်စုံဘူးဆိုရင် ဘယ်လောက်ပဲ အိမ်ကြီးကြီး ပြည့်စုံမှာမဟုတ်ဘူးလို့ ရွှေပိုးကတော့ ထင်တယ်။ အခုလက်ရှိ အခြေအနေလေးကတော့ ရွှေပိုးအတွက် ပြီးပြည်စုံတယ်။ အခုအိမ်ကလည်း မိဘတွေ ရဲ့ အရိပ်အာဝါသအောက်မှာ နေရတဲ့အတွက်ကြောင့် အရမ်းကိုနွေးထွေးပြီးတော့ လုံခြုံပါတယ်။
မေး- ဒီအိမ်လေးမှာ ဖြတ်သန်းလာတာရော ဘယ်နှစ်နှစ်လောက်ရှိနေပြီလဲ။
ရွှေပိုးဖြတ်သန်းလာတာတော့ ခြောက်နှစ်လောက်ပဲရှိသေးတယ်။ အိမ်ပြောင်းလာတာလည်း သိပ်မကြာသေးဘူးပေါ့နော်။
မေး- ဒီအိမ်ကို စဆောက်တုန်းကရော ရွှေပိုးဖြစ်စေချင်တဲ့ ပုံစံလေးတွေ ပြောပြခဲ့တာရောရှိခဲ့လား။
အဲဒီလိုမျိုးတော့ မရှိပါဘူး။ အိမ်မှာက အမေနဲ့ အစ်မက ဦးဆောင်တယ်။ အမေနဲ့ အမပဲ စီစဉ်ပေးတဲ့အခါကျတော့ သူတို့စီစဉ်ပေးတဲ့အတိုင်း ရွှေပိုးက နေတာပဲ။ ရွှေပိုး သိပ်ပြီး တော့ ဂျီးများတာမျိုးတော့မရှိဘူး။
မေး- ခြောက်နှစ်တာကာလလောက်တောင် ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ အိမ်လေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေရောရှိလား။
အမှတ်တရတွေက တော့ ရွှေပိုးရဲ့ Fan တွေ ဆိုလည်း ရွှေပိုးအိမ်မှာ လာနေကြတယ်။ မွေးနေ့ဆိုလည်း အိမ်မှာလာနေပြီးတော့ အလှူလေးတွေ လုပ်ဖြစ်ကြတယ်။ သင်္ကြန်ဆိုလည်း အိမ်မှာ လာနေပြီးတော့ ဟင်းတွေချက်ပြုတ်ကြတယ် အဲဒါတွေကတော့ အမှတ်တရပေါ့။ ပြီးတော့ ရွှေပိုးမှာ အရမ်းချစ်စရာကောင်းတဲ့ တူလေးတစ်ယောက်လည်းရှိတဲ့အခါကျတော့ အရမ်းကို ပျော်စရာကောင်းတယ်။ အခု နောက်ထပ် ခွေးလေးတစ်ကောင်လည်း ရှိလာပြီဆိုတော့ အိမ်လေးကတော့ ပိုပြီးတော့ ပြည့်စုံသွားပါပြီ။
မေး- ရွှေပိုးရဲ့ စိတ်ကူးထဲက အိမ်ပုံစံလေးကရော။
ရွှေပိုးတကယ် ပိုက်ဆံရှိခဲ့မယ်ဆိုရင်တော့ အမေက ပန်းလေးတွေ စိုက်ရတာကြိုက်တယ်ဆိုတော့ ပန်းခြံကြီးကြီးနဲ့ ခြံဝင်းကျယ်ကျယ်လေးနဲ့ လုပ်မယ်။ ပြီးတော့ တူလေးက ရေကူးရတာ ကြိုက်တယ်ဆိုတော့ ရေကူးကန်လေးပါပြီးတော့ ခြံကျယ်ကျယ်လေးနဲ့ လုံလုံခြုံခြုံလေး ဖြစ်မယ့် အိမ်လေးပေါ့နော်။ ကိုယ့်မိဘတွေ၊ ကိုယ့်အမတွေ ကို ပြည့်ပြည့်စုံစုံလေးနဲ့ နွေးနွေးထွေးထွေးလေး ရှိမယ့် အိမ်မျိုးလေးကိုတစ်နေ့နေ့ကျရင် ဝယ်ဖို့ စိတ်ကူးထားပါတယ်။
မေး- ရွှေပိုးကရော အိမ်ချစ်တတ်တဲ့သူထဲမှာပါလား။ တခြားနေရာတွေထက် ကိုယ့်အိမ်က ဘာတွေ ထူးခြားမှု ပိုရှိတယ်လို့ ခံစားရလဲ။
ရွှေပိုးအိမ်လေးက အရမ်းနွေးထွေးမှု ခံစားရတာပေါ့။ ရွှေပိုးက အမေနဲ့ အမနဲ့ နားမှာ ပူးပူးကပ်ကပ်နေတတ်တဲ့ အကျင့်တော့မရှိဘူး ဒါပေမယ့် သူတို့ ရှိနေတယ်ဆိုတဲ့ အတွေးက အရမ်းကို လုံခြုံမှုပေးနိုင်တယ်။ ဘယ်လောက်ပဲ စိတ်ညစ်ပါစေ သူတို့တွေ ရှိနေတယ်ဆိုတဲ့ အတွေးနဲ့တင် အနာဂတ်တွေမှာ အများကြီး အလုပ်တွေလုပ်ဖို့ ဖြတ်သန်းဖို့ ခွန်အားတွေ အရမ်းရှိတယ်။ အခုလက်ရှိအခြေအနေကိုတော့ အရမ်းကို ပျော်ပါတယ်။ ပြည့်စုံပါတယ်။
မေး- ရွှေပိုးရဲ့ စိတ်ကူးထဲက အိမ်လေးကိုရော ဘယ်လိုပုံစံလေးဆောက်မယ်လို့ စဉ်းစားထားလဲ။
ရွှေပိုးကတော့ တကယ်ဆောက်နိုင်တဲ့ အခါကျမှပဲ ပြောတော့မယ်။ အခုလက်ရှိအနေအထားလေးမှာလည်း ရွှေပိုးနေပျော်တယ်။ အိမ်က အရမ်းကြီး အကျဉ်းလေးလည်းမဟုတ်ဘူး။ အကျယ်ကြီးလည်း မဟုတ်ဘူး သာမန်အိမ်ကလေးပါပဲ။ ဒါပေမယ့် ကိုယ့်အခန်းလေးနဲ့ ကိုယ် သပ်သပ်ရပ်ရပ်လေး လုပ်ထားတယ်။ အခန်းထဲမှာဆိုလည်း ရွှေပိုးအတွက်ကို အကျီအခန်းလေး သုံးခန်းလောက် လုပ်ထားပေးတယ်ဆိုတော့ အဆင်ပြေပါတယ်။ အိမ်မှာကတော့ ကိုယ့်ပစ္စည်းတွေနဲ့ ပဲ များတာပေါ့ ။အဓိကကတော့ အမတွေ၊ အမေက တော့ အဲ့လောက်မဟုတ်ဘူး ။ ကိုယ့်အတွက်ကို အဓိကထားပြီးတော့ လုပ်ထားပေးတယ် ပြီးတော့ fan တွေလက်ဆောင်ပေးထားတဲ့ အရုပ်အကြီးကြီးတွေ အဲဒီအတွက်ကို အခန်းသပ်သပ်တစ်ခု လုပ်ပေးထားတယ်။ အဲဒါကြောင့် အခုအိမ်လေးမှာလည်း အဆင်ပြေပါတယ်။
မေး- အနုပညာရှင်တွေကတော့ အနုပညာပစ္စည်းလေးတွေ ထားဖြစ်ကြတာများတယ်နော်။ ရွှေ့ပိုးကရော။
ရွှေပိုးကျတော့ အခုရိုက်ထားတဲ့ ကားရိုက်အကျီလေးတွေတို့ နည်းနည်း ဟောင်းသွားတဲ့ အကျီလေးတွေ ဆိုလည်း အမြဲသိမ်းထားဖြစ်တယ်။ လိုတဲ့အချိန်ကျရင် ဝတ်လို့ရအောင်လို့ပါ။ မတော်တဲ့ အကျီလေးတွေလည်း အများကြီးပဲ အရင်ကချုပ်ထားပြီးသား မတော်တဲ့အကျီလေးတွေဆိုရင်လည်း ရွှေပိုးက ကိုယ့်ပစ္စည်းလေးတွေဆိုရင် နှမြောတတ်တယ်။ သူများကို ပြန်ပေးတဲ့ဟာတွေလည်းပေးတယ်။ တစ်ချို့ အကျီလေးတွေက ဒီဇိုင်နာတွေကိုယ့်ကို အမှတ်တရချုပ်ထားပေးတဲ့ ပစ္စည်းလေးတွေ၊ အကျီလေးတွေ ကျတော့ ကိုယ်က အမှတ်တရအနေနဲ့ သိမ်းဖြစ်တာမျိုးရှိတယ်။
မေး - အိမ်လေးတစ်လုံးထပ် ဝယ်ချင်တာကရော အမေအတွက်လား။
ဟုတ်တယ်။ အဓိကကတော့ အမေ့ကိုပဲ ထားချင်တာပေါ့နော်။ အမေက ခြံလေးထဲမှာ ပန်းပင်လေးတွေ စိုက်ရတာကို ကြိုက်တယ်။ တူလေးအတွက်လည်း ရေကူးကန်လေးတွေ လုပ်ချင်တယ်ဆိုပြီးတော့ စိတ်ကူးလေးတွေရှိတော့ တစ်နေ့နေ့ တစ်ချိန် ချိန်ကျရင်တော့ ဖြစ်အောင် ကြိုးစားမှာပါ။ ရွှေပိုးအစ်မလည်း စီးပွားရေးတွေလုပ်နေတော့ အမကတော့ ရွှေပိုးတို့ လိုချင်သမျှ လုပ်ပေးနိုင်တယ်ဆိုတဲ့အခါကျတော့ တစ်ချိန်ချိန်ကျရင်တော့ ဖြစ်လာမှာပေါ့။
မေး - အထပ်မြင့်နဲ့ လုံးချင်းပုံစံမျိုးလေးဆိုရင်ဘယ်ပုံစံကို ပိုသဘောကျလဲ။
ရွှေပိုးကတော့ အဓိကက စီစဉ်တဲ့သူက အမေနဲ့ အမဆိုတော့ သူတို့ စီစဉ်တဲ့အပေါ်မှာပဲ ကိုယ်ကနေလိုက်တာပဲ။ အဓိကကတော့ ကိုယ်နေစရာအခန်းလေးတစ်ခန်းရှိမယ်၊ ကိုယ်ပစ္စည်းလေး ထားစရာအခန်းလေးတစ်ခန်းရှိမယ်ဆိုရင် ကိုယ်က ကျေနပ်နေပြီ။ အဓိကကတော့ ခြံကျယ်ကျယ်လေးမှာ အပင်လေးတွေ စိုက်လို့ရမယ်။ ရေကူးကန်လေးတွေပါမယ် ဆိုရင်တော့ ပိုပြီးတော့ ပြည့်စုံတယ်လို့ ထင်တယ်။ အိမ်တစ်အိမ်မှာ မိသားစုတွေ အားလုံးပေါင်းနေတာဆိုတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆန္ဒ ပြည့်ပြည့်ဝဝနဲ့ နေရတယ်ဆိုရင်တော့ ဒီအိမ်လေးက ပိုပြီးတော့ ပြီးပြည့်စုံသွားမယ်လို့ ထင်တာပေါ့။
မေး- အိမ်ဆေးခြယ်တဲ့ ကာလာလေးကိုရော ဘာအရောင်လေးကြိုက်လဲ။
အခုအိမ်လေးမှာတော့ ပန်းရောင်လေး သုတ်ထားတယ်။ ပန်းရောင်လေးကို ကြိုက်တယ် ။အရောင်နုနုလေးတွေ ကို ကြိုက်ပါတယ်ရှင့်။
မေး- ရန်ကုန်မဟုတ်ဘဲ တခြားနေရာမှာ နေရမယ်ဆိုရင် ဘယ်နေရာဒေသကို ပိုပြီးတော့ နှစ်သက်လဲ။
တောင်ကြီးတို့ လာရှိုးတို့ ပြင်ဦးလွင်တို့အဲဒီလိုမျိုး ရာသီဥတု အေးတဲ့ဟာမျိုးဆိုရင်တော့ နေလို့ ပိုကောင်းတာပေါ့။ မျှော်လင့်ရတာပေါ့။ တစ်နေ့နေ့ တစ်ချိန်ချိန်ပေါ့ လူဆိုတာက စိတ်ကူးယဉ်တာပေါ့။ ဖြစ်လာချင်မှလည်း ဖြစ်လာမယ်။ ဖြစ်လာကောင်းမှလည်း ဖြစ်လာနိုင်မယ်ပေါ့။ တစ်နေ့နေ့ တစ်ချိန်ချိန် စီးပွားရေးလုပ်လို့ အောင်မြင်ခဲ့သည်ရှိသော် ဒီလိုနေရာမျိုးလေးမှာ သွားဝယ်နိုင်မယ်ပေါ့။ ဒါကတော့ မျှော်လင့်ရတာပေါ့။ဘယ်အရာကိုမှ ရွှေပိုး အရမ်းဖြစ်ချင်တဲ့ စိတ်ကြီးနဲ့ မလုပ်ဘူး ဘာကြောင့်လဲဆိုတော့ ကိုယ်အခုလုပ်နေတဲ့ အလုပ် နဲ့ ကိုယ့်အနေအထားနဲ့က ကာမိရုံပဲရှိတာပေါ့။ ကိုယ်က အောင်မြင်နေတဲ့ သူတစ်ယောက် မဟုတ်တဲ့ အခါကျတော့ ကိုယ့်မှာ ဝင်ငွေတွေ အများကြီး မရှိတော့ အမြင့်ကြီးတွေ ရွှေပိုးမှန်းလို့ မရဘူးပေါ့.။ လက်ရှိအနေအထားမှာ ပျော်တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် ကိုယ်စီးပွားရေးတွေလုပ်လို့ ကိုယ်အနေအထားလေးတစ်ခုရောက်လို့ ဝယ်နိုင်ခဲ့သည်ရှိသော် အဲ့လိုအချိန်ကျရင် ဒီလိုအိမ်မျိုး ဝယ်မယ်ဆိုတဲ့ စိတ်ကူးလေးပဲ ရှိတာပေါ့နော်။
မေး- အိမ်ဆိုတဲ့ စကားလေးကို အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင် ဘယ်လိုဖွင့်ဆိုချင်လဲ။
အိမ်ဆိုတာ အနွေးထွေးဆုံး၊ အအေးမြဆုံးနဲ့ အရိပ်ကလေးပါ။ အဲဒီလိုနေရာမျိုးလေးကို အိမ်လို့ သတ်မှတ်ပါတယ်။ အဓိကကတော့ အိမ်က ကြီးကျယ်ခန်းနားနေမှ မဟုတ်ပါဘူး။ တဲစုတ် လေးမှာပဲဖြစ်ဖြစ် အဲဒီတဲစုတ်လေးမှာလည်း ကိုယ့်ရဲ့မိဘတွေ၊ ကိုယ်ချစ်တဲ့သူတွေ ရှိနေမယ်ဆိုရင် အရမ်းကို ပြီးပြည့်စုံတဲ့ အရာပေါ့။ နေတတ်ရင်တော့ အရမ်းကို နေပျော်ပါတယ်။ အဓိကက ကိုယ်ချစ်တဲ့သူတွေ ကိုယ့်အနားမှာ ရှိနေမယ်ဆိုလို့ ရှိရင် ရွှေပိုးကတော့ ဘယ်နေရာပဲရောက်ရောက် နေတတ်တယ်။ ရွှေပိုးရဲ့ စိတ်ကူးလေးက အဲဒီလိုမျိုးလေးပါပဲ။
မေး- ရှေ့ဆက်လုပ်မယ့် အနုပညာလှုပ်ရှားမှုလေးတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြပေးပါဦး။
ရွေှ့ပိုး အခုလတ်တလောက MTV ရိုက်ထားတယ်။ ပြီးတော့ ပွဲတက်တွေ သွားတယ်။ရောင်ခြည် သင်္ကန်းအတွက် ကြော်ငြာလေးတစ်ခုရိုက်ပေးထားတယ်။ တခြားအနုပညာလှုပ်ရှားမှုတွေကတော့ ရွှေပိုးဆက်လုပ်တဲ့ အခါကျမှ ပရိသတ်ကြီးကို အသိပေးပါ့မယ်လို့ ပြောချင်ပါတယ်။
မေး- အားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။
ရွှေပိုးကို အားပေးနေတဲ့ ပရိသတ်တွေ ရှိလို့လည်း ရွှေပိုး ဒီနေရာအထိ ရပ်တည်နေနိုင်တာပါ။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
ဖူးဖူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com