အိမ်အပြန်ခရီး ဆိုသည်က လူတိုင်းကြုံတွေ့ရ မည့်၊ ဖြတ်သန်းရမည့် ခရီးတစ်ခုဖြစ်သည်။ရှောင်ကွင်းသွား၍ မရသည့် ခရီးဖြစ်သည်။
မလွှဲမသွေ ကြုံတွေ့ရင်ဆိုင်ရမည့် ခရီးတစ်ခုဆိုသည် မှာ ငြင်းပယ်၍ မရသည့် အမှန်တရား တစ်ခုလည်း ဖြစ်သည်။
ထို့အတွက် အိမ်ပြန်ချိန်ကို စိတ်ကူးနှင့်မှန်းမျှော် ကြည့်သည့်အခါ ရင်ခုန်ရသည်။ စိတ်မောရသည်။ ပူပန် သောက ဖြစ်ရသည်။ အိမ်ပြန်ခရီးမှာ ကြုံတွေ့ရမည့် ကြိုဆို နှုတ်ဆက်မှုတွေက မည်သို့ဖြစ်မည်ဆိုသည်ကို ခန့်မှန်း၍ မရခဲ့။ တွက်ဆ၍ မရခဲ့။
အချိန်ကြလျှင်တော့ သမ္မတကြီးလည်း အိမ်အပြန် ခရီးကို နှင်ကြရသည်။ ဗိုလ်ချုပ်ကြီးတွေလည်း အိမ်အပြန်ခရီး ကို နှင်ကြရသည်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အိမ် အပြန်ခရီးကို နှင်ကြရသည်။ စာရေးဆရာတွေလည်း အိမ်အပြန် ခရီးကို နှင်ကြရသည်။ ကျွန်တော်တို့ အားလုံး အိမ်အပြန်ခရီး ကို နှင်ကြရမည့်သူတွေ ဖြစ်သည်။
ထိုအခါ အိမ်ပြန်ခရီးနှင်ကြသည့် တချို့သော သူများ ၏ သတင်းများကို တွေ့မြင်ကြားသိရသည်။ တချို့ဆိုလျှင် အိမ်အပြန်ခရီးမှာ ကြိုဆိုမည့်သူ၊ ဖေးမမည့်သူမရှိတော့။တချို့ဆိုလျှင် နှုတ်ဆက်မည့်သူ၊ ပြုံးပြမည့်သူ မရှိတော့။တချို့
ဆိုလျှင် သည်ဘက်လမ်းက လျှောက်လာသည်နှင့် ဟိုဘက် လမ်းက ရှောင်ထွက်သွားသူတွေ ရှိသည်။
ဤသည်၏ ဆန့်ကျင်ဘက်တွင် အိမ်အပြန်ခရီး တစ်လျှောက်မှာ ကြိုဆိုမည့်သူ၊ နှုတ်ဆက်မည့်သူ များစွာ ရှိကြသူတွေရှိသည်။ အိမ်အပြန်ခရီးတစ်လျှောက်မှာ
ပြုံးပြ မည့်သူ၊ ဖေးမမည့်သူ များစွာ ရှိကြသူတွေ ရှိသည်။
တစ်ဦးနှင့် တစ်ဦး၊ တစ်ယောက်နှင့် တစ်ယောက်၏ အိမ်အပြန်လမ်းတွေက
မတူညီတော့။ ကြိုဆို နှုတ်ဆက်မှုတွေ လည်း မတူညီတော့။ ကွဲပြားခြားနားသွားခဲ့ရပြီဖြစ်သည်။
အိမ်အပြန်လမ်းကို လျှောက်လှမ်းရသည့်အခါ ရာထူး တွေ၊ လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေ မပါတော့။ ရယူထားခဲ့ သည့် နေရာ၊ ဌာနတွေမှာ အပြီးတိုင်ချန်ထားခဲ့ရပြီဖြစ်သည်။
ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်တွေ ရှိစဉ်အခါက ပြောဆို ပြုမူဆောင်ရွက်ခဲ့မှုများသည် အိမ်ပြန်ခရီးအတွက် အထောက်အပံ့တစ်ခု ဖြစ်စေမှာတော့ အမှန်ပဲဖြစ်သည်။ ရာထူး၊ အာဏာကို မသေမချင်းပိုင်ဆိုင်သွားရမည်ဟု ထင်မှတ် ၍ တစ်ပါးသူများကို ဂရုမပြုပဲ မိမိသဘောသည်သာ အခရာ အကျဆုံးဟု သတ်မှတ်ကာ လုပ်ချင်ရာ လုပ်သွားသူများလည်း ရှိမည် ဖြစ်သည်။ ငါ မရှိလျှင်မဖြစ်၊ ငါသည်သာ အတော်ဆုံး၊ အတက်ဆုံးဟူ၍ တွေးမြင်ပြီး တစ်ပါးသူများကို နှိမ့်ချဆက်ဆံ ကာ မောက်မာရိုင်းစိုင်းသွားသူများလည်း ရှိမည်ဖြစ်သည်။
ထို့အတူ မိမိနှင့်ယှဉ်ကာ ကိုယ်ချင်းစာ၍ စာနာ သနားစိတ်ဖြင့် ကွပ်ကဲအုပ်ချုပ်သွားသူများလည်း ရှိမည် ဖြစ် သည်။ တစ်ပါးသူများ၏ အခက်အခဲ အကြပ်အတည်းများ ကို ဥပေက္ခာ မပြုပဲ နည်းလမ်းရှာကြံ၍ ဖြေရှင်းပေးသွားကြသူ တွေလည်း ရှိမည်ဖြစ်သည်။
တစ်ဦးနှင့် တစ်ဦး ယုံကြည်ချက်၊ ခံယူချက် မတူညီ ၍ ရပ်တည်မှုများလည်း
ကွဲပြားခြားနားသွားကြမည် ဖြစ်သည်။
ရာထူး ၊ အာဏာ ၊လုပ်ပိုင်ခွင့် မရရှိသေးခင် အချိန်က ပြုမူဆက်ဆံမှုများသည် နှစ်လိုဖွယ် ဖြစ်ပေမယ့် ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့် ရလာသည့်အခါ နှစ်လိုခြင်းကင်းမဲ့သည့် အမူအရာ များကို ဖန်တီးသွားကြသည်မှာ လောက ဓမ်္မတာပင် ဖြစ်မှာ သေချာပါသည်။
ထို့အတွက် လူပုဂ်္ဂိုလ်တစ်ဦးချင်းစီ၏ ပြောဆိုပြုမူ မှု များအပေါ် မူတည်၍ ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်လိုဖွယ်ဖြစ်ခြင်း၊ စက်ဆုပ် ရွံရှာဖွယ်ကောင်းခြင်းဟူသည့် ခံစားမှုများဖြစ်တည် လာခဲ့ကြရသည်။
မဖြစ်ပါနှင့်ဟု တားမြစ်လည်း၍ မရ။ ဖြစ်ပါဟူ၍ အားပေး၍လည်း မရ။ အကျိုးတရားကြောင့် ဖြစ်တည်လာခဲ့ ရသည့် အကြောင်းတရားဟုသာ အဓိပ္ပာယ်ဖွင့်ဆို၍ ရမည် ထင်ပါသည်။
လုပ်ပိုင်ခွင့်၊ ရာထူး၊ အာဏာဆိုသည်မှာလည်း တည်မြဲ သည့် အရာတွေမဟုတ်ခဲ့။ ဘ၀တစ်လျှောက်လုံး အပိုင်ယူ၍ ရသည့် ပစ္စည်းတွေလည်း မဟုတ်ခဲ့။
ထို့အတွက် ယူဆောင်သွားနိုင်မည်က ဖြတ်သန်း သွားခဲ့ရသည့် သမိုင်းမှတ်တမ်းတစ်ခုသာ ဖြစ်သည်။ ထို့ အတွက် သမိုင်းကောင်းတစ်ခုကို ရေးထိုးမှတ်တမ်းတင်ရန် ကျွန်တော်တို့ ကြိုးစားရမှာ ဖြစ်သည်။ အိမ်အပြန်ခရီးတစ် လျှောက် အပြုံးပန်းဝေေ၀ဆာဆာနှင့် ကြိုဆိုခံရဖို့ ကျွန်တော် တို့ ပြုမူဆောင်ရွက်ရမှာပင် ဖြစ်သည်။
ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်ဆိုသည်က လူတိုင်း နှစ်သက်မြတ်နိုးသည့်၊ သဘောကျ တပ်မက်သည့် အရာတွေ ဖြစ်သည်။ ပိုင်ဆိုင်ရယူလိုသူတွေလည်း အများအပြားဖြစ်သည်။
ထို အရာတွေကို ပိုင်ဆိုင်ရသည့်အခါ ကိုယ့်တစ်ဦး တည်းအတွက် အတ္တတစ်ခုတည်းဖြင့် ဆောင်ရွက်မည်လား၊ အများအကျိုးအတွက် ရွက်သယ်ပိုးမည်လား ဆိုသည်က ပိုင် ဆိုင်ထားသည့် ကာယကံရှင်ကိုယ်တိုင် ဖြေဆိုပေးရမည့် မေးခွန်း ဖြစ်သည်။
တစ်ကယ့် လက်တွေ့ဘ၀တွင် ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်ရသွားကြသူများက အဲဒီ ရာထူး၊ အာဏာကို အသုံး ချ၍ ကိုယ်ကျိုးစီးပွားအတွက်သာ ရှာဖွေလုပ်ကိုင်သွားကြသူ တချို့ကို ကြုံတွေခဲ့ရသည်။ ရာထူး၊ အာဏာကို ဖက်တွယ် ၍ လိုအပ်သည်ထက် ပိုမို၍ လုပ်ပိုင်ခွင့် အာဏာပြခဲ့ကြသူ တချို့ကိုလည်း ကြုံတွေ့ခဲ့ရသည်။ ရာထူး၊ အာဏာ၊ လုပ်ပိုင် ခွင့် တည်မြဲရေးအတွက် ရှင်သန်နေထိုင်ရသည့် အ၀န်းအ၀ိုင်း အတွင်းရှိသူများ၏ သဘောဆန်္ဒကို မျက်ကွယ်ပြု၍ ပြုမူ ဆောင်ရွက်သွားကြသူတွေကိုလည်း ကြုံတွေ့ခဲ့ရသည်။
တွေ့မြင်ကြားသိရသမျှ သူတို့၏ အိမ်အပြန်ခရီးက အထီးကျန်ဆန်လွန်းလှသည်။ ကြိုဆိုမည့်သူ၊ ဖေးမမည့်သူ၊ အပြုံးနှင့် နှုတ်ဆက်မည့်သူတွေ မရှိတော့။ တစ်ချိန် တစ်ခါ က ရာထူး၊ အာဏာတွေကြားမှာ ယစ်မူးရီဝေခဲ့သည့် အချိန် တွေနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့ရပြီဖြစ်သည်။
ရာထူး၊အာဏာ၊လုပ်ပိုင်ခွင့် ပိုင်ဆိုင်ထားပေမယ့် အတ္တကို ရှေ့တန်းမတင်ဘဲ၊ ကိုယ်ကျိုးစီးပွားမရှာဘဲ ရှင်သန် နေထိုင်ရာ အ၀န်းအ၀ိုင်းအတွင်း ရှိသူများနှင့် သဟဇာတဖြစ် စွာ နေထိုင်ပြုမူသွားကြသူ တချို့ကိုလည်း ကြုံတွေ့ခဲ့ရသည်။ ရာထူး၊ အာဏာ တည်မြဲရေးအတွက် မဟုတ်ဘဲ ရှင်သန် နေထိုင်ရာ ပတ်ဝန်းကျင်၏ အကျိုးစီးပွားကိုသာ ဆောင်ရွက် သွားကြသူ တချို့ကိုလည်း ကြုံတွေ့ခဲ့ရသည်။
သူတို့၏ အိမ်အပြန်ခရီးက ကြိုဆိုမည့်သူ၊ ဖေးမမည့် သူများစွာနှင့် ဖြစ်သည်။ အပြုံးနှင့် နှုတ်ဆက်မည့်သူ များစွာနှင့် ဖြစ်သည်။ ရာထူး၊ အာဏာ ရရှိနေစဉ်က အချိန်ကာလတွေ နှင့်လည်း ဆန့်ကျင်ဘက် ဖြစ်စရာမလိုတော့။ တစ်ဖြောင့်တည်း သော သမိုင်းတစ်ခုဖြစ်သည်။
ကျွန်တော်တို့ ကိုယ်တိုင်လည်း ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်နောက်ကို အပြေးအလွှား လိုက်နေကြသူတွေဖြစ် သည်။ ပိုင်ဆိုင်ရန်အတွက်လည်း ကြိုးစားနေကြသူတွေ ဖြစ် သည်။
အတ္တနှင့် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်မည်လား။အများအကျိုးကို ရွက်သယ်ပိုးမည်လား ဆိုသည်ကို တိတိကျကျ မပြောနိုင်သေး။ ရေရေရာရာ ကတိမပေးနိုင်သေး။ ရာထူး၊ အာဏာဆိုသည်က လူတစ်ယောက်၏ အတွေးအမြင်၊ အယူ အဆများကိုပါ ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိ၍ ဖြစ်သည်။
မတည်မြဲခြင်း သဘောတရားတွေကြားမှာ တည်မြဲ နေသည်က ကျွန်တော်တို့၏ ရာထူး၊ အာဏာအပေါ်တပ်မက် မှု၊ ရာထူး၊ အာဏာအပေါ် ရယူပိုင်ဆိုင်လိုမှု စိတ်ကူး၊ အိပ်မက်၊ မျှော်လင့်ချက်များပင် ဖြစ်သည်။ ထို့ထက်ပို၍ ကျွန်တော်တို့ မတွေးကြ။ မမြင်ကြ။ မျှော်လင့်ချက်မထားကြ။ ရာထူး၊ အာဏာ ဆိုသည်ကလည်း လူတိုင်း တပ်မက်သည့် အရာတွေဖြစ်သည်။လူတိုင်း ပိုင်ဆိုင်လိုကြသည့် အရာတွေဖြစ်သည်။
အသုံးချရမည်ဆိုသည့်အခါမှသာ မတူညီသည့် သဘောတရားများအဖြစ် ကွဲပြားခြားနားသွားကြသည်။ တစ်ဦး နှင့် တစ်ဦး ပြုမူဆောင်ရွက်မှုခြင်းလည်း မတူတော့။ ခံယူ ချက်၊ ယုံကြည်ချက်တွေလည်း မတူတော့။
ရာထူး၊ အာဏာကြောင့် အချင်းချင်း စိတ်ဝမ်းကွဲသွား ကြရသည်။ အတွေးအမြင်တွေ ပြောင်းပြန်ဖြစ်သွားရသည်။အပြုအမူတွေ ဆန့်ကျင်ဘက် ဖြစ်သွားကြရသည်။ ရှင်သန် ရပ်တည်မှုခြင်းလည်း မတူညီကြတော့။ ပိုင်ဆိုင်လိုမှု၊ ရယူ လိုမှုများ ပြင်းထန်လာရသည့်အခါ တစ်ဦးနှင့် တစ်ဦး ပဋိသန္ဓာရ စကားပင် မဆိုနိုင်တော့။ ချစ်လိုလျက်နှင့် မုန်းကြရသည်။နှစ်လိုဖွယ်ရှိလျက်နှင့် ကျောခိုင်းကြရသည်။
ပဋိပက္ခတွေ ဖြစ်ကြရသည်။ ဒေါသ၊ မောဟ များစွာ နှင့် လောင်မြိုက်ကြရသည်။ သောကမီးတွေပွားများရသည်။ ရာထူး၊ အာဏာ၏ ဇောအဟုန်က ဆင်ခြင်နိုင်စွမ်းမရှိသူများ အတွက် အတော်ကို ပြင်းထန်လွန်းလှသည်။
“ငါ့ ရာထူး ၊ ငါ့ အာဏာ”ဟု တပ်မက် ဖက်တွယ် ထားသူများအတွက်ဆိုလျှင် ပြောဖွယ်ရာမရှိတော့။
အချိန်ကြလျှင်တော့ ရာထူး၊ အာဏာတွေကို ဖယ်ခွာ ၍ အိမ်အပြန်ခရီးကို နှင်ကြရမည့်သူတွေ ဖြစ်သည်။ ထိုအချိန် ရောက်မှ ဖြစ်တည်ခဲ့ရသည့် သမိုင်းမှတ်တမ်းတစ်ခုက ရုပ်လုံး ကြွလာမည် ဖြစ်သည်။ ပြုမူဆောင်ရွက်မှုများက တစ်ကျော့ ပြန် အသက်ဝင်လာမည် ဖြစ်သည်။
တချို့သော သူများ၏ အိမ်အပြန်ခရီးတစ်လျှောက် မှာ အပြုံးပန်းဝေေ၀ဆာဆာနှင့် ကြိုနေသူတွေကို မြင်ရ သည့်အခါ ကျွန်တော်တို့ ကိုယ်တိုင် အလိုလို ပီတိဖြစ်ရသည်။ပျော်ရွှင်ရသည်။ မုဒိတာ ပွားဖြစ်သည်။
တချို့သောသူများ၏ အိမ်အပြန်ခရီးတစ်လျှောက် မှာ ကြိုဆိုသူတွေ ကင်းမဲ့နေသည့်အခါ ၀မ်းနည်း အားငယ်မိ သည်။ သူတို့အတွက်လည်း စိတ်မကောင်းကြီးစွာ ဖြစ်ရသည်။ကျွန်တော် ကိုယ်တိုင် အိမ်အပြန်ခရီးကို နှင်ရမည့် အချိန်ရောက်မည်ဆိုသည့်အခါ။
အပြုံးပန်းဝေေ၀ဆာဆာနှင့် ကြိုဆိုမည့်သူတွေရှိ ရန်အတွက် အလှပဆုံး၊ အသေသပ်ဆုံး သမိုင်းတစ်ခုကို ရေး ထိုးရန် လိုအပ်ဦးမှာတော့ သေချာသည်။
ထို့အတူ သမ္မတကြီး၏ အိမ်အပြန်ခရီး၊ ဗိုလ်ချုပ်ကြီး ၏ အိမ်အပြန်ခရီး၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အိမ် အပြန်ခရီး၊ စာရေးဆရာများ၏ အိမ်အပြန်ခရီးတစ်လျှောက် မှာ အပြုံးပန်း ဝေေ၀ဆာဆာနှင့် ကြိုနေစေလိုသည်က ကျွန်တော်၏ မျှော်လင့်ချက်၊ အိပ်မက်၊ စိတ်ကူးတစ်ခုပင် ဖြစ် ပါသည်။
KMC ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com