တရုတ်ပြည်၏ အချမ်းသာဆုံးသူဌေးကြီး ဝမ်ကျန်းလင်ပိုင် Dalian Wanda ကုမ္ပဏီသည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ကြွေးမြီများ ပေးဆပ်ရန်အတွက် ကမ္ဘာလှည့်ခရီးသွားမြို့တော် အပန်းဖြေဥယျာဉ် ၁၃ ခုနှင့် ဟိုတယ် ၇၆ လုံး၏ ရှယ်ယာ ၉၁ ရာခိုင်နှုန်းကို ရောင်းချခြင်း၊ လန်ဒန်ရှိ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ကန်ဒေါ်လာ ၈၂ သန်းခန့်ဖြင့် အရှုံးခံ ပြန်လည်ရောင်းထုတ် ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ပြည်ပတွင် နောက်ဆုံးကျန်ရှိနေသည့် အိမ်ခြံမြေများကို အပြီးတိုင် ရောင်းချရန် ကြိုးပမ်းလာ လျက်ရှိကြောင်း တရုတ်ပြည်တွင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အထက်ဖော်ပြပါအကြောင်းရပ်များကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ပြီးဖြစ်ရာ (၁) https://www.imyanmarhouse.com/news/read/634393 (၂) https://www.imyanmarhouse.com/news/read/703116 အင်တာနက်လင့်ခ်များတွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။
Dalian Wanda က ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် နောက်ဆုံးကျန်ရှိနေသည့် အိမ်ခြံမြေစီမံကိန်း ၂ ခုကို အကြွေးဆပ်ရန် အတွက် အပြီးတိုင် ရောင်းထုတ်လာခြင်းလည်း ဖြစ်သည်။
ရောင်းချမည်များမှာ ချီကာဂိုရှိ ဟိုတယ်-ရုံးခန်းနှင့် လူနေဘက်စုံသုံး ကွန်ပလက်စ်တစ်ခု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘီဗာလီဟေးလ်ရှိ စီမံကိန်းတစ်ခုတို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
ဝမ်ဒါသည် သြစတေးလျရှိ ဆောက်လုပ်ရေးစီမံကိန်း ၂ ခုနှင့် လန်ဒန်ရှိ စီမံကိန်းတစ်ခုတို့ကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကပင် ရောင်းထုတ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါပြည်ပတွင် နောက်ဆုံးကျန်ရှိသည့် အိမ်ခြံမြေများကို ရောင်းထုတ်လာခြင်းလည်း ဖြစ်သည်။
ဝမ်ဒါသည် လာမည့် မတ်လတွင် ပြည်ပသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီ ကန်ဒေါ်လာ သန်း ၅၁၀ ကိုပေးဆပ်ရန်အတွက် ယခုကဲ့သို့ ရောင်းထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
S&P Global က Dalian Wanda ၏ စီးပွားရေးအလားအလာမကောင်းမှုများကို ထောက်ဆ၍ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများ၏ အဆင့်ပမာဏသတ်မှတ်ချက်ကို လျှော့ချလိုက်ရာ အကြွေးများကို ပိုမိုစောလျင်စွာေ
ပးဆပ်ရန် ဖိအားပေးခံလာရသည်။
Wanda ပြီးခဲ့သော ဇန်နဝါရီလ ၂၉ ရက်က ဆစ်ဒနီနှင့် Gold Coast ရှိ အိမ်ခြံမြေများကို သြစတေးလျဒေါ်လာ ၃၁၅ သန်း (ကန်ဒေါ်လာ ၂၅၄ သန်း) ဖြင့် ရောင်းချရန်၊ ငွေသားဖြင့် ပေးချေရန်၊ Wanda က ပေးဆပ်ရန်ရှိသည့်အကြွေး သြစတေးလျဒေါ်လာ ၈၁၅ သန်း (ကန်ဒေါ်လာ ၆၅၇ သန်း)ကို ဝယ်လက်တို့က ပေးချေရန် သဘောတူညီချက်ဖြင့် ရောင်းချခဲ့သည်။
ထို့အပြင် လန်ဒန်ရှိ ဇိမ်ခံလူနေအိမ်များ ဆောက်လုပ်ရေးစီမံကိန်းကိုလည်း ပေါင် ၅၉ သန်း (ကန်ဒေါ်လာ ၈၁ သန်း)ဖြင့် ရောင်းချခဲ့သေးသည်။ အဆိုပါဈေးနှုန်းမှာ ဝယ်ယူခဲ့စဉ်ကဈေးနှုန်းအောက် ၃၄ ရာခိုင်နှုန်းအထိ အရှုံးခံကာ ရောင်းချခဲ့သည့် ဈေးနှုန်းဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)