ယခင်နှစ်များကထက် ဘဏ်အပ်ငွေရရှိမှု လျော့ကျလာသောကြောင့် ငွေစုဘဏ်စာရင်း (Savings Account) ကို နေ့ချင်းအတိုးပေးရန် ဘဏ်အချို့က စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်များ၏ တာဝန်ရှိသူများထံမှ သိရသည်။
ပုဂ္ဂလိကဘဏ်များတွင် ဘဏ်အပ်ငွေရရှိရေးသည့် တစ်ဘဏ်နှင့်တစ်ဘဏ် အပြိုင်အဆိုင် ဆောင်ရွက်နေရသည့်အတွက် အချို့သောဘဏ်များမှာ စာရင်းသေအပ်ငွေ (Fixed Deposit) ကို အတိုးနှုန်းများ တိုးမြှင့်ပေးလျက်ရှိပြီး အချို့သောဘဏ်များမှာ ခေါ်ယူအပ်ငွေစာရင်း (Call Deposit) ကို အတိုးနှုန်းများ တိုးမြှင့်ပေးလျက် ရှိသည်။
နေ့ချင်းအတိုးနှုန်းပေးနေခြင်းနှင့် ပတ်သက်၍ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB Bank) မှ တာဝန်ရှိသူတစ်ဦးက “Savings တွေကို နေ့ချင်းအတိုးပေးတာက အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ တွက်ပေးပြီး သုံးလတစ်ကြိမ်မှ ထည့်ပေးတာပါ”ဟု ပြောဆိုသည်။
ဘဏ်များ၏ နှစ်စဉ်အပ်ငွေရရှိမှု လျာထားချက်မှာ ဘဏ်တစ်ခုနှင့်တစ်ခု မတူညီကြောင်း၊ သို့ရာတွင် ယခုအခါ နှစ်ချုပ်စာရင်းများ၌ ယခင်ကကဲ့သို့ အပ်ငွေရရှိမှု လျာထားချက်မပြည့်မီခြင်း၊ သိသာစွာ လျော့နည်းသွားခြင်းတို့ကို တွေ့ကြုံနေရခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်အချို့၏ အဆိုအရ သိရသည်။
“ဘဏ်အပ်ငွေက အခုလောလောဆယ် တိုးမလာဘဲ တန့်နေတဲ့အနေအထားတွေ ရှိတယ်။ အရင်အစိုးရလက်ထက်ကနဲ့စာရင် ဒီအစိုးရမှာ အနည်းငယ်လျော့သွားတယ်။ ဒါကြောင့် ဘဏ်တွေက တစ်ခါမှမပေးဖူးတဲ့ Savings Account တွေကို နေ့ချင်းအတိုးပေးဖို့ ဖြစ်လာတယ်”ဟု ပုဂ္ဂလိကဘဏ်တစ်ခု၏ အကြီးတန်း အရာရှိတစ်ဦးက ရှင်းလင်းပြောကြားသည်။
ယခင်က ငွေစုဘဏ်စာရင်း (Savings Account) များသည် လဆန်း ၅ ရက် ရှေ့ပိုင်းတွင် ဘဏ်သို့ငွေအပ်ရပြီး ယင်းငွေကို လကုန်သည်အထိ ငွေမထုတ်ဘဲ ဘဏ်တွင်အပ်ထားမှသာ ဘဏ်က တစ်လစာ အတိုးတွက်ကာ သုံးလတစ်ကြိမ် ငွေထည့်ပေးခြင်းဖြစ်ကြောင်း၊ ယခုအခါတွင်မူ နေ့စဉ်အတိုးကို ပေးမည်ဖြစ်ကာ သုံးလတစ်ကြိမ် ဘဏ်အကောင့်ထဲသို့ ထည့်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဘဏ်လောကတွင် နေ့ချင်းအတိုးပေးသည့်ငွေမှာ ခေါ်ယူအပ်ငွေစာရင်း (Call Deposit) ဖြစ်ပြီး ယခင်က အတိုးနှုန်းကို ၈ ရာခိုင်နှုန်းပေးခဲ့ရာ ၂၀၁၇ မှစ၍ ၆ ရာခိုင်နှုန်းသို့ လျှော့ခဲ့ပြီး ယခုအချိန်တွင် မူ ၂ ရာခိုင်နှုန်းသာ ပေးရမည်ဟု မြန်မာနိုင်ငံ ဘဏ်များအသင်းက ထုတ်ပြန်ထားသော်လည်း အချို့ပုဂ္ဂလိကဘဏ်များမှာ လိုက်နာမှုမရှိပေ။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေစုဘဏ်စာရင်းနှင့် ပတ်သက်၍ သီတင်းတစ်ပတ်ကို နှစ်ရက်သာ ငွေထုတ်ခွင့်ပေးထားပြီး အတိုးကိုလည်း တစ်လလုံးတွင်ရှိသည့် လက်ကျန်ငွေကိုသာ အတိုးပေးရမည်ဟု သတ်မှတ်ထားသောကြောင့် ယခု နေ့ချင်းအတိုးပေးနေသည့် ဘဏ်အချို့မှာ စည်းမျဉ်းစည်းကမ်းဘောင်ကို ကျော်လွန်နေကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင် ပညာရှင် ဦးမြသန်းက ထောက်ပြပြောဆိုသည်။
“Savings Account ကနေ တစ်ပတ်ကို နှစ်ရက်ပဲ ငွေထုတ်ရမယ် သတ်မှတ်ထားလည်း အခုဆို Current Account (စာရင်းရှင်အပ်ငွေ) ကနေ ငွေထုတ်တယ်။ အဲဒီငွေကို Savings Account ကနေ ပြန်ဖြည့်နေတော့ ဘာထူးမလဲ။ နေ့ချင်းထုတ်လို့ ရနေတာမျိုးတွေ ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
ပုဂ္ဂလိကဘဏ်များအတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးထားပြီး ယင်းဘဏ်များမှာ ဗဟိုဘဏ်၏ စည်းမျဉ်းများကို မလိုက်နာလျှင် ဆုံးရှုံးမှုတန်ဖိုးမှာ များပြားနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ဈေးကွက်စီးပွားရေးစနစ် ဖြစ်လာပြီး ဘဏ်များ အပြိုင်အဆိုင်ဖြစ်လာသည့်အတွက် ဗဟိုဘဏ်မှာ အသေးစိတ်ဝင်မပါလိုကြောင်း၊ လက်ရှိပေးနေသည့် အတိုးနှုန်းထားများသည် ငွေဆုံးရှုံးနိုင်မှု မြင့်မားနိုင်သည့်အတွက် ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်ပညာရှင် ဦးမြသန်းက ပြောဆိုသည်။
လက်ရှိတွင် ငွေစုဘဏ်စာရင်း (Savings Account) ကို အတိုးနှုန်း ၈ ရာခိုင်နှုန်း အနိမ့်ဆုံးပေးထားပြီး ဘဏ်တစ်ခုနှင့်တစ်ခု ပေးသည့် အတိုးနှုန်းထားမှာ ကွာခြားသည်။
Credit: The voice