ကမ္ဘာကျော် အမေရိကန်တေးသံရှင် တေလာဆွစ်ဖ်သည် နယူးယောက်တွင် နေအိမ်ဝယ်ယူရာ အကျိုးဆောင်ခ မပေးမှုဖြင့် တရားစွဲခံရလျက်ရှိသည်။
တေလာဆွစ်ဖ်သည် နယူးယောက်သို့ ရောက်ရှိလာသည့်အခါတိုင်း ပြဿနာတစ်ခုမဟုတ်တစ်ခု အမြဲရင်ဆိုင်ရလေ့ရှိသည်။
ယခုပြဿနာဖြစ်ပွားသောနေအိမ်မှာ နယူးယောက်မြို့ နာမည်ကျော် အကျော်အမော်များစုစည်းရာ ထရိုင်ဘက်ကာ အရပ်၊ ဖရန်ကလင်လမ်း၊ အမှတ် ၁၅၅ တွင် တည်ရှိသည်။
ယခုနေအိမ်ကို အော်လန်ဘလွန်းဆိုသူက လွန်ခဲ့သော ၅ လခန့်ကတည်းက အရောင်းဈေးကွက်တင်ထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဒေါက်ဂလပ် အယ်လီမန်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီက တေလာဆွစ်ဖ်ကို ကန်ဒေါ်လာ ၁၈ သန်းတန် ယခုနေအိမ်ဝယ်ယူရာတွင် အကျိုးဆောင်ခမပေးခဲ့မှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
နယူးယောက်မြို့ တရားရုံးတစ်ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားရာ၌ အယ်လီမန်းကုမ္ပဏီမှ အကျိုးဆောင်တစ်ဦးသည် တေလာဆွစ်ဖ်အား ပွဲစားခရလိုမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
အယ်လီမန်းက တေလာဆွစ်ဖ်ကို နစ်နာကြေး ကန်ဒေါ်လာ ၁ ဒသမ ၁ သန်း ရလိုမှုဖြင့် တရားစွဲဆိုထားခြင်းလည်း ဖြစ်သည်။ဖရန်ကလင်လမ်းနေအိမ်သည် သတင်းမီဒီယာတို့၏ စာမျက်နှာပေါ်သို့ ရောက်ရှိလာခဲ့သည်မှာ ယခုအကြိမ်မှာ ပထမဆုံးအကြိမ် မဟုတ်ချေ။
၂၀၁၁ ခုနှစ်အတွင်းကလည်း ပြင်သစ်နိုင်ငံရေးသမား ဒေါမနစ် စထရော့ခန် သည် ဟိုတယ်ဝန်ထမ်းမိန်းကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သည်ဟူသော ပြစ်ချက်ဖြင့် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည်မှာလည်း ယခုနေအိမ်ပင် ဖြစ်လေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)