ဗြိတိန်၏ ဒုတိယမြောက် အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်သော Carillion သည် ယခုအခါ အရှုံးပေါ်ကာ ဒေဝါလီခံ ဖျက်သိမ်းလိုက်ရပြီဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
Carillion သည် ဗြိတိန်နိုင်ငံတွင်းအပြင် နိုင်ငံတကာတွင်လည်း ကြီးမားသည့်စီမံကိန်းကြီးများစွာ အကောင်အထည်ဖော်လျက်ရှိသည့် ကုမ္ပဏီကြီးဖြစ်ရာ အလုပ်သမားများစွာ အလုပ်အကိုင်နေရာများ ဆုံးရှုံးကြရတော့မည် ဖြစ်သည်။
ကာတာတွင် အကောင်အထည်ဖော်နေသည့် ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ဆောက်လုပ်ရေးစီမံကိန်းများ တာဝန်ယူထားသည့်အပြင် ကနေဒါအစိုးရအတွက်လည်း ဆောက်လုပ်ရေးစီမံကိန်းများစွာ လက်ခံအကောင်အထည်ပေးလျက်ရှိသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
Carillion သည် မြီရှင်များအပါအဝင် အစိုးရနှင့်ပါ ကုမ္ပဏီကို ကယ်တင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့သောကြောင့် ဖျက်သိမ်းလိုက်ရခြင်းလည်း ဖြစ်သည်။
Carillion သည် ကြွေးမြီမှာ ပေါင် ၁ ဒသမ ၅ ဘီလီယံခန့်အထိ ရှိနေသည့်အပြင် ကြီးမားသည့်အရှုံးပေါ်မှုများ ရင်ဆိုင်ခဲ့ရခြင်း ကြောင့်လည်း ယခုအတိုင်းအတာအထိ အကျပ်ဆိုက်သွားခဲ့ရခြင်း ဖြစ်သည်။
Carillion သည် ယခုကဲ့သို့ ဒေဝါလီခံသွားခြင်းကြောင့် ကုမ္ပဏီက တာဝန်ယူပေးနေသည့် အများပြည်သူဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများကို အစိုးရက ထောက်ပံ့ပေးရတော့မည် ဖြစ်သည်။
“ဝန်ထမ်းအားလုံး အလုပ်ဆက်ဝင်ကြပါ။ လခတွေ ဆက်ပေးသွားမှာပါ။ အများပြည်သူ ဝန်ဆောင်မှုကဏ္ဍက ဝန်ထမ်းတွေအနေနဲ့ အရေးကြီးတဲ့လုပ်စရာတွေရှိပါတယ်” ဟု အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးဖြစ်သူ ဒေးဗစ် လီဒင်တန်က ပြောကြားသည်။
Carillion သည် HS2 မြန်နှုန်းမြင့် မီးရထားလမ်းကဲ့သို့ စီမံကိန်းကြီးများ လုပ်ကိုင်လျက်ရှိသကဲ့သို့ စာသင်ကျောင်းများ၊ အကျဉ်းထောင်များ စီမံခန့်ခွဲခြင်း အပါအဝင် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနအတွက် နေအိမ်ပေါင်း ၅၀,၀၀၀ ခန့်ကို မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်ပေးလျက်လည်း ရှိသည်။
ကာကွယ်ရေးဝန်ကြီး ဂါဗင် ဝီလျံဆမ်က လွှတ်တော်အမတ်များကို ပြောကြားခဲ့ရာတွင် ဖြစ်ပေါ်နေသော အခြေအနေကို ဆွေးနွေးရန်အတွက် ဗြိတိန်အစိုးရ၏ Cobra အရေးပေါ်ကော်မတီအစည်းအဝေး ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။
Carillion ဥက္ကဌ ဖိလစ်ဂရင်းက ပြောကြားရာတွင် ကုမ္ပဏီဝန်ထမ်းများ၊ ကုန်ကြမ်းပစ္စည်းထောက်ပံ့ပေးကြသည့်ကုမ္ပဏီများနှင့် ဖောက်သည်များအတွက် ဝမ်းနည်းစရာနေ့ဖြစ်ခဲ့ကြောင်း ပြောကြားသွားသည်။
Carillion သည် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းပေါင်း ၄၃၀၀၀ ကျော် ခန့်အပ်ထားပြီး ဗြိတိန်တစ်နိုင်ငံတည်းတွင်ပင် ဝန်ထမ်းအင်အား ၂၀၀၀၀ ကျော်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)