ကမ္ဘာကျော်မော်ဒယ် ကင်မ် ကာဒါရှီယန်နှင့် ဟစ်ပ်ဟော့ကြယ်ပွင့် ကင်ညေးဝက်စ်တို့ ဇနီးမောင်နှံသည် ၎င်းတို့၏နေအိမ်ကို ကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံကာ ပြုပြင်မွမ်းမံခဲ့ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ နာမည်ကျော် Hidden Hills အရပ်တွင် တည်ရှိသည်။
Power couple ဟု ခေါ်ကြသည့် ကြယ်ပွင့်ဇနီးမောင်နှံသည် Hidden Hills နေအိမ်ကို ၂၀၁၄ ခုနှစ်အတွင်း ဝယ်ယူခဲ့စဉ်က ဈေးနှုန်းနီးပါး အကုန်အကျခံကာ မွမ်းမံလျက်ရှိခြင်းမှာ အံ့အားသင့်ဖွယ်သတင်းတစ်ရပ် ဖြစ်လာသည်။
ခြံဝန်းအကျယ်မှာ ၃ ဧကခန့်ရှိပြီး နေအိမ်မှာ စတုရန်းပေ ၁၅၀၀၀ ခန့်ကျယ်ဝန်းကာ စပျစ်ခင်းများ၊ ရေကူးကန်များ ပါဝင်သည်။
ကင်မ် ကာဒါရှီယန်တို့သည် နေအိမ်ဝယ်ယူလိုက်ပြီးနောက်ပိုင်းတွင် ခြံဝန်းအတွင်း မြေယာအလှပြုပြင်မှုများကို ပြန်လည်ပြုလုပ် ခဲ့သည့်အပြင် ပိုမိုကျယ်ဝန်းသည့် master bedroom တစ်ခုနှင့် အသံဖမ်းစတူဒီယိုတစ်ခုတို့လည်း ထည့်သွင်းခဲ့သည်။
ကင်မ်ကာဒါရှီယန်တို့သည် ပြုပြင်မွမ်းမံပြီးနောက်တွင် အဆိုပါနေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
ယင်းနေအိမ်သည် မကြာသေးမီက ဈေးကွက်ပေါက်ဈေးများအရ ကန်ဒေါ်လာ သန်း ၆၀ ခန့် ဈေးပေါက်လျက်ရှိနေပြီ ဖြစ်သည်။ကင်မ် ကာဒါရှီယန်တို့ နေအိမ်အနီးသို့ အခြားကမ္ဘာကျော်တစ်ဦးဖြစ်သည့် ခရစ္စ ဂျင်းနာလည်း မကြာသေးမီက ပြောင်းရွှေ့လာသည်။
ကင်မ် ကာဒါရှီယန်တို့နေထိုင်ရာ လမ်းအတွင်းတွင်ပင် တည်ရှိသည့် နေအိမ်တစ်လုံးကို ပြီးခဲ့သောလအတွင်းက ကန်ဒေါ်လာ ၉ ဒသမ ၉ သန်းဖြင့် ဝယ်ယူပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။
ကင်မ် ကာဒါရှီယန်တို့၏ နေအိမ်မှာ တစ်ချိန်က ပိုင်ဆိုင်ခဲ့သူမှာ ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ် ပရက်စလေ၏ တစ်ဦးတည်းသောသမီးဖြစ်သူ လီဆာ မာရီပရက်စလေ ဖြစ်သည်။
ကင်မ် ကာဒါရှီယန်တို့ ဇနီးမောင်နှံက လီဆာ မာရီ ပရက်စလေထံမှ ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကင်မ် ကာဒါရှီယန်တို့က ဝယ်ယူလိုက်ပြီးနောက်ပိုင်း နေထိုင်သေးခြင်းမပြုဘဲ ဒီဇိုင်းထုတ်ခြင်း၊ ထုတ်ပြီးဒီဇိုင်းကို ပယ်ဖျက်ကာ ပြန်လည်ဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ မြေယာအလှပြုပြင်ခြင်း အစရှိသည်တို့ကို များစွာအချိန်ယူ၍ ဆက်တိုက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ကမှ အဆိုပါနေအိမ်သို့ ပြောင်းရွှေ့ခဲ့ကြခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)