ဆူဇန် ဆမ်းမားစ်၏ အမည်ရင်းမှာ ဆူဇန် မာရီ မဟိုးနီ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဘရူနိုမြို့တွင် ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်တွင် မွေးဖွားသည်။
သရုပ်ဆောင်၊ စာရေးဆရာ၊ အဆိုတော်၊ စီးပွားရေးလုပ်ငန်းရှင် အစရှိသဖြင့် နယ်ပယ်မျိုးစုံတွင် အောင်မြင်မှုများ ရရှိခဲ့သူ ဖြစ်သည်။
စာပေလောကသို့ ခြေချခဲ့ရာတွင် အရောင်းရဆုံးစာရေးဆရာစာရင်းတွင် ပါဝင်လာခဲ့ရာ ဟော်မုန်းအစားထိုးကုထုံးအကြောင်း ရေးသားထားသည့် Ageless: The Naked Truth About Bioidentical Hormones (2006) စာအုပ်မှာ နာမည်ကျော်သည်။
ဆူဇန် ဆမ်းမားစ်သည် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ၂ အုပ်၊ ဓာတ်စာနှင့် ပတ်သက်သည့် စာအုပ် ၄ အုပ်၊ ကဗျာတစ်အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။
မိဘများမှာ အိုင်းရစ်-အမေရိကန်သွေးနှောသူများဖြစ်ပြီး မွေးချင်း ၄ ဦးတွင် တတိယမြောက်သမီးဖြစ်သည်။
ရောင်းချမည့်နေအိမ်ကို ခင်ပွန်းဖြစ်သူ အလန် ဟာမဲလ်နှင့်အတူ ပူးတွဲပိုင်ဆိုင်ပြီး နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ရေးဗားဆိုက်ဒ်ခရိုင်၊ ပန်မ် စပရင်းအမည်ရှိ သဲကန္တာရမြို့ကလေးတွင် ဖြစ်သည်။
ဆူဇန်တို့ ဇနီးမောင်နှံသည် ယခုနေအိမ်ကို ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ၇ ကြိမ်ခန့် အရောင်းဈေးကွက်တင်ခဲ့ပြီးဖြစ်သော်လည်း ရောင်းမထွက်ခဲ့ချေ။
ထိုစဉ်က ခေါ်ဈေးများမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၉ သန်းမှ ၃၅ သန်းအထိ အမျိုးမျိုးပြောင်းလဲခဲ့သည်။
လွန်ခဲ့သော တစ်လခန့်ကလည်း Douglas Elliman Real Estate ကုမ္ပဏီမှတစ်ဆင့် ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သေးသည်။
နေအိမ်တည်နေရာမှာ ပန်မ်စပရင်းမြို့လယ်အနီးတွင်ရှိသော မီဆာအရပ်တွင် တည်ရှိသည်။
ခြံဝန်းမှာ ၇၃ ဧကခန့်အထိ အကျယ်အဝန်းရှိပြီး တောင်ကုန်းစောင်း မြေအမြင့်အမျိုးမျိုးတွင် နေအိမ် ၅ လုံး ဆောက်လုပ်ထားသည်။
နေအိမ် ငါးလုံးတွင် အိပ်ခန်း ၈ ခန်း ဖြန့်ကျက်တည်ရှိပြီး တစ်အိမ်နှင့်တစ်အိမ်အနည်းငယ်သာ ဝေးကွာသည်။
နေအိမ်များတည်ရှိပုံမှာ ပြင်သစ်ရှိ ရွာငယ်ကလေးတစ်ခုကဲ့သို့ ထင်ရစေပြီး အချို့အဆောက်အအုံအစိတ်အပိုင်းများမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ပြန်လည်မွမ်းမံခြင်း၊ ချဲ့ထွင်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နေအိမ် ၅ လုံး၏ စုစုပေါင်း လူနေဧရိယာမှာ စတုရန်းပေ ၇၃၀၀ ခန့် ရှိသည်ဟု ဆိုသည်။
ဆူဇန်တို့ ဇနီးမောင်နှံသည် ယခုနေအိမ်ကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လက်ထပ်ပြီးစ အချိန်ကာလခန့်တွင် ဝယ်ယူခဲ့ကြခြင်းလည်းဖြစ်သည်။
မစ္စတာ ဟာမဲလ်မှာ ယခုအခါ အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး သားသမီးများမှာ အရွယ်ရောက်ကြပြီဖြစ်ကာ အိုးအိမ်ခွဲသွားကြပြီ ဖြစ်ခြင်းကြောင့် ၎င်းတို့အတွက် ကျယ်ဝန်းလွန်းလှသည့်အပြင် နေအိမ်အပိုများမှာလည်း အချည်းနှီးဖြစ်နေခြင်းကြောင့် ရောင်းချရခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုနေအိမ်ရောင်းချပြီးပါက ပန်မ်စပရင်းတွင်ပင် ၎င်းတို့ပိုင်ဆိုင်ထားသည့် ဧက ၂၀ ကျယ်ဝန်းသော မြေကွက်ပေါ်တွင် နေအိမ်တစ်လုံး ဆောက်လုပ်သွားမည် ဖြစ်သည်ဟု ဆိုသည်။
ဆူဇန်က ယခုနေအိမ် ၅ လုံးနှင့် ခြံဝန်းကို လေလံတင်ရောင်းချသွားရန် စီစဉ်လျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)