အမေရိကန်ပြည်ထောင်စုရှိ ကမ္ဘာကျော် ဘေ့စ်ဘောအသင်း Texas Rangers မှ ကစားသမားနှင့်ဇနီးက ၎င်းတို့ပိုင် ကန်ဒေါ်လာ ၁၀ သန်းနီးပါး ( မြန်မာငွေ ၁၃ ဒသမ ၃ ဘီလီယံ) တန်ကြေးရှိနေအိမ်ကို ပရဟိတ အဖွဲ့တစ်ခုထံ လှူဒါန်းလိုက်ကြောင်း အဆိုပါပရဟိတအသင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
Texas Rangers မှ ကစားသမား ကိုးလ် ဟမ်းမဲလ်စ်နှင့် ဇနီးဖြစ်သူ ဟိုင်းဒီ ဟမ်းမဲစ်တို့သည် မစ်ဇူရီပြည်နယ်ရှိ ၎င်းတို့ပိုင် နေအိမ်ကို ဒေသတွင်း ပရဟိတအဖွဲ့ဖြစ်သော Camp Barnabas သို့ လှူဒါန်းလိုက်ခြင်း ဖြစ်သည်။
နေအိမ်တည်နေရာမှာ မစ်ဇူရီပြည်နယ်၊ စတုန်းခရိုင်၊ ဘရန်ဆန် ဝက်စ်မြို့ကလေးတွင် ဖြစ်သည်။
ဘရန်ဆန်ဝက်စ်မြို့ကလေးသည် လူဦးရေကျဲပါးလှပြီး ၂၀၁၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၇၈ ဦးသာ နေထိုင်သည်ဟု ဆိုသည်။
၎င်းတို့ဇနီးမောင်နှံသည် အဆိုပါနေအိမ်ကို ယခုနှစ် သြဂုတ်လအတွင်း ကန်ဒေါ်လာ ၉ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက် တင်ခဲ့ဖူးသည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၂၀၀၀ ရှိပြီး အတွင်းပိုင်းမွမ်းမံမှုများမှာ အပြီးမသတ်သေးသော်လည်း အသင့်နေထိုင်နိုင်သည့် အဆင့်ရှိသည်ဟု ဆိုသည်။ခြံဝန်းအကျယ်မှာ ၁၀၅ ဧကရှိပြီး လူဖန်တီးသည့်ရေကန်ကြီးဖြစ်သော Table Rock Lake ကန်နှင့် ပေပေါင်း ၁၇၀၀ ခန့် ကမ်းရိုးထိစပ်မှု ရှိသည်။
ဧည့်ဂေဟာဆောင်၊ ရေကန်တစ်ကန်၊ ဟင်းလင်းပြင် မီးဖိုဆောင်၊ ဓာတ်လှေကားနှင့် ကလေးကစားကွင်းတို့ ပါဝင်သည်။
ကိုးလ် ဟမ်းမဲစ်သည် အဆိုပါနေအိမ်ကြီးကို ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့အခြေစိုက် Philadelphia Phillies ဘေ့စ်ဘောအသင်းတွင် ကစားစဉ်အချိန်က ဝယ်ယူနေထိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်တွင်မူ ကိုးလ် ဟမ်းမဲစ်ကို Texas Rangers အသင်းထံ ရောင်းချခြင်းခံရသောကြောင့် ၎င်းတို့ဇနီးမောင်နှံသည် ဒါးလက်စ်မြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။
ယင်းနောက် နေအိမ်ကို ဈေးကွက်တင်ကာ ရောင်းချရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ လှူဒါန်းလိုက်ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
၎င်းတို့လှူဒါန်းလိုက်သည့် ပရဟိတအဖွဲ့သည့် အကူအညီအထူးလိုအပ်နေသူများနှင့် နာမကျန်းသူများကို ကျန်းမာရွှင်လန်းလာစေမည့် ဘဝနေထိုင်မှု ပုံစံမျိုးဖြင့် စခန်းချနေထိုင်စေကာ ကူညီလျက်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ပြီးခဲ့သော ၂၄ နှစ်တာကာလအတွင်း လူပေါင်း ၇၅၀၀၀ ကျော်ကို အကူအညီပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)