အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ဘရိုဝါ့ခရိုင်၏ နာမည်ကျော်
ဟောလိဝုဒ်အနီးတွင် တည်ရှိသည့် ဟာ့ဒ်ရော့ခ်ဟိုတယ်နှင့် ကာစီနိုဝန်းတွင်
ကမ္ဘာ့အကြီးမားဆုံး ဂစ်တာပုံဟိုတယ်ကြီးတစ်လုံး ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။
ဟာ့ဒ်ရော့ခ်ဟိုတယ်ဝန်း၏ အကျယ်အဝန်းမှာ ဧက ၁၀၀ ခန့်ရှိပြီး ကာစီနိုလောင်းကစားနေရာမှာ စတုရန်းပေ ၁၄၅၀၀၀ ခန့် ကျယ်ဝန်းသည်။
ဟိုတယ်ဝန်းအတွင်း ၄ ဧကခန့်ကျယ်ဝန်းသည့် ရေကန်နေရာ၊ စားသောက်ဆိုင် ၁၅ ခု၊ ဈေးဆိုင် ၁၆ ခု၊ ပိုကာခန်းမ၊ အရက်ဘား ၁၀ ခုကျော်၊ ညကလပ်များနှင့် Hard Rock Live အမည်ရှိ စင်တင်တေးဂီတဖျော်ဖြေမှုများ ရှိသည်။
ဂစ်တာပုံဟိုတယ်ကြီးကို လာမည့် ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားပြီး အမြင့်မှာ ၁၃၇ မီတာခန့်ရှိမည်ဖြစ်ကာ ကျောချင်းကပ် ဂစ်တာများအသွင် ဆောက်လုပ်သွားမည် ဖြစ်သည်။
ဂစ်တာပုံဟိုတယ်တွင် အခန်းပေါင်း ၆၃၈ ခန်းပါဝင်မည်ဖြစ်ရာ ဟာ့ရော့ခ်ဟိုတယ်ဝန်းတွင် စုစုပေါင်းအားဖြင့် အခန်းပေါင်း ၁၂၇၀ အထိ ရှိလာမည် ဖြစ်သည်။
ယခုဟိုတယ်ကို စိတ်ကူးပုံဖော်သည်မှာ ဟာ့ဒ်ရော့ခ်အင်တာနေရှင်နယ်၏ အမှုဆောင်အရာရှိချုပ် ဂျိမ်းစ် အက်ဖ်-အယ်လန်ဖြစ်ပြီး ဆောက်လုပ်မှုအတွက် ကုန်ကျစရိတ် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်အထိ ကုန်ကျမည်ဟု ဆိုသည်။
ဟာ့ဒ်ရော့ခ်ဟိုတယ်နှင့် စားသောက်ဆိုင်အုပ်စုသည် ဂစ်တာအရိပ်ငွေ့များ လွှမ်းထုံမှုဖြင့် ကမ္ဘာတစ်လွှားတွင် နာမည်ကျော်သည်။
သို့ရာတွင် ဂစ်တာနှင့် ပုံတူအဆောက်အအုံဆောက်လုပ်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“ ဒါက ကမ္ဘာပေါ်မှာ ဂစ်တာပုံဆောက်လုပ်ထားတဲ့ ပထမဆုံးအဆောက်အအုံ ဖြစ်လာမှာပါ။ ရှေ့မျက်နှာစာတင်မကဘဲ အဆောက်အအုံကို ချိုးထားတဲ့ပုံစံကလည်း တကယ့်ဂစ်တာတစ်လက်ပုံစံမျိုး ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု မစ္စတာ အယ်လန်က ပြောကြားသည်။
မစ္စတာအယ်လန်က ကမ္ဘာ့ပထမဆုံးဂစ်တာပုံအဆောက်အအုံဟုဆိုလိုက်စေကာမူ စင်စစ်ကား ကမ္ဘာ့အကြီးမားဆုံးဂစ်တာပုံ အဆောက်အအုံသာဖြစ်လေသည်။
ဗိသုကာပညာရှင် ဂလန်းဝီလျံစ်က ကယ်လီဖိုးနီးယားတွင် သူ၏နေအိမ်ကို ဂစ်တာပုံသဏ္ဍာန်ဖြင့် ၁၉၉၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ဖူးပြီး ဖြစ်သည်။
ဝီလျံစ်၏ နေအိမ်မှာ မိသားစုနှစ်စုစာ နေထိုင်နိုင်သောနေအိမ်ဖြစ်ပြီး နေအိမ်အတွင်းရုံးခန်း ၂ ခုနှင့် မြေအောက်တွင် ကား ၂ စင်းဆန့် ကားဂိုဒေါင်တို့ ထည့်သွင်းဆောက်လုပ်ခဲ့သည်။
ဟာ့ဒ်ရော့ခ်ဟိုတယ်နှင့် ကာစီနိုတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အဓိကအသုံးပြုကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသွားနိုင်ရန်လည်း ရည်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)